Tuesday, 27 January 2015

သရက်ပြင် ချိုချိုလေး



သရက်ပြင်လေး လုပ်ဖြစ်ပါတယ် သရက်သီးတွေ မှည့်လာတော့ စားလို့မကုန်မဲ့အတူတူ ကြာကြာအထားခံအောင် သရက်ပြင်လေးလုပ်ပြီး သိမ်းထားဖို့ စိတ်ကူးလေးရတာနဲ့ လုပ်လိုက်တာပါ။

သရက်ပြင်လုပ်ရတာ မဆိုသလောက်လေးတော့ လက်ဝင်ပါတယ် သရက်သီးကို အခွံခွာ ဇကာတိုက်ပြီး ညောင်စေးကျအောင်ကျိုရပါတယ် အခွံခွာ ဇကာတိုက်တာလောက်ကတော့ သိပ်ပြောစရာမဟုတ်ပေမဲ့ သရက်သီးအနှစ်ကို ကျိုချိန်လေးတော့ စိတ်ရှည်ရပါတယ်။

စိတ်ရှည်ရတယ်ဆိုလို့ လုပ်စားချင်စိတ်လေးတော့ ပျောက်မသွားပါနဲ့နော် မာမာ ကျိုတဲ့နည်းလေး ပြောပြပါမယ် အောက်ခြေ ဘေးပါတ်ပါတ်လည် မကပ်တဲ့အိုး ဇောက်နက်နက်ကို သုံးပြီးကျိုရင် ပုံမှန်ထက် ပိုပြီးလွယ်ပါတယ် စကျိုထဲက မွှေရမှာ ပျင်းနေသေးရင် အိုးထဲကို သစ်သားယောင်းမ စိုက်ထားပြီး တည်ထားပေးပါ သရက်သီးရည် ညောင်စေးမကျခင် သုံးလေးခါလောက် မွှေပေးရင် ရပါတယ် ရေခမ်းကာနီး ညောင်စေးကျခါနီးပြီဆိုရင်တော့ ယောင်းမရှည်ရှည်နဲ့ မွှေရပါတော့မယ် ဗွက်ဗွက်ဆူလာပြီဆိုရင် အပူငွေ့စင်တတ်လို့ပါ မွှေနေရင်းက ညောင်စေးကျလာပြီဆိုရင်တော့ မီးပိတ်ပြီး အအေးခံရုံပါဘဲ။

သရက်ပြင်အတွက် ပါဝင်ရမှာလေးတွေ ပြောပြပါမယ်

  • သရက်သီးမှည့် အနေတော် ၇လုံးကိုအနှစ်တိုက်လိုက်ပါက  - 2 cups ရပါမယ်
  • ဆား -  လက်ဖက်ရည်ဇွန်း တ၀က်
  • သကြား - ထမင်းစားဇွန်း တဇွန်းမောက်မောက်
  • ဆီ - အနည်းငယ်
  • Baking papar - လိုသလောက်
သရက်ပြင် လုပ်နည်းလေးပြောပါမယ်
  • သရက်သီးကို အညှာဖက်ကလှီးပြီး ရေနာရီဝက်လောက် စိမ်ထားပြီးမှ အခွံခွာပါ
  • အခွံခွာပြီးသော သရက်သီးကို ဇလုံတလုံးအောက်ကခံပြီး ဇကာနဲ့အနှစ်များတိုက်ချပါ
  • အားလုံးပြီးသွားရင် အနှစ်များကို မကပ်သော အိုးထဲသို့ ဆား သကြားတို့နဲ့ အတူတူထဲ့ပြီးမွှေပေးပါ
  • စကျိုကျိုခြင်း မီးအနေတော်နဲ့ ကျိုပေးပါ ကျိုနေစဉ် ဝေကျတတ်တဲ့အတွက် ယောင်းမတခု အိုးထဲမှာ စိုက်ပေးထားပါ 
  • ဝေမကျအောင် တချက်တလေမွှေပေးပါ
  • ရေတွေ မခမ်းတခမ်းဖြစ်လာပြီဆိုရင်တော့ မီးကို နဲနဲထပ်လျော့ပြီး အပြင်ကို သရက်ယိုများ ပေါက်မထွက်အောင် အိုးအဖုံးကို ခပ်ဟဟအုပ်ကာ ကျိုပေးပါ
  • ညောင်စေးကျလာပြီဆိုရင်တော့ မီးပိတ်ပြီး အအေးခံပေးပါ
နေလှန်းဖို့ပြင်ပါမယ်
  • ဗန်းတဗန်းထဲကို baking paper ခင်းပြီး ဆီသုတ်ပေးပါ
  • Baking paper ပေါ်သို့ အအေးခံထားသော သရက်ယိုများ ညီညီညာညာ ဖြန့်ခင်းပေးပါ
  • နေပူပူမှာ လှန်းပေးပြီး ၂နေလောက်ရရင် နောက်တဖက်လှန်ပြီး လှန်းပေးပါ
  • နေပူပူမှာ ၃ရက် ၄ရက်လောက် လှမ်းပေးပြီးရင် သရက်ပြင် ချိုချိုလေးရပါပြီ။





















Monday, 26 January 2015

ပြည်ကြီးငါး (ကင်းမွန်) ချဉ်ငံစပ်အသုပ်




ပြည်ကြီးငါးဝယ်ပြီး ဘယ်လိုလုပ်စားရင် ကောင်းမလဲ စဉ်းစားနေတုံး မာမာ့လက်ထောက် သမီးလေးက မေမေရေ အသုပ်လေး လုပ်စားရင် ကောင်းမယ်နော်လို့ သူအကြံပေးတာနဲ့ ကင်းမွန်ချဉ်ငံစပ်လေး သုပ်စားဖြစ်ပါတယ်။

ပြည်ကြီးငါးက အနံ့နဲနဲ ညှီချင်တာမို့ သူ့ကို အရင်ဆုံ အနံ့သေအောင်  ကြက်သွန်ဖြူ ချင်း ဗီနီဂါတို့နဲ့ အနံ့သေအောင် ပြုပ်ပါတယ် ပြုပ်ချိန်ကတော့ မကြာပါဘူး ၂မိနစ်ကျော်ကျော်လောက်ဆို ရပါတယ် သိပ်ကြာသွားရင် ပြည်ကြီးငါးရဲ့အသားက မာပြီးစားလို့မကောင်းတော့ပါဘူး။

ပြည်ကြီးငါးလေး အရင်ပြုပ်ဖို့ ပါဝင်တာလေးတွေ ပြင်မယ်နော်

  • သန့်ရှင်းနေအောင် ဆေးကြောထားသော ပြည်ကြီးငါး 300g
  • ဗီနီဂါ ထမင်းစားဇွန်း ၂ဇွန်း
  • ခပ်ပါးပါး လှီးထားသော ချင်း တလက်မ
  • ဓါးပြားရိုက်ထားသော ကြက်သွန်ဖြူ အမွှာကြီးကြီး ၃မွှာ
  • ဆား လက်ဖက်ရည်ဇွန်း တဇွန်း
  • ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း တ၀က်သာသာ 
ပြုပ်ဖို့ပြင်ပါမယ်
  • အိုးတလုံးထဲ ရေအနေတော်ထည့်ကာ ဆား ချင်း ကြက်သွန်ဖြူ ငရုတ်ကောင်း ဗီနီဂါတို့ထည့်ကာ ရေဆူအောင် တည်ပေးပါ
  • ရေဆူလာတာနဲ့ ကင်းမွန်ကိုထဲ့ပြီး ၂မိနစ်ကျော်ကျော်လောက် ပြုပ်ပေးပါ
  • ပြုပ်ပြီးတာနဲ့ဆယ်ယူပြီး ရေခဲရေ (သို့)ရေအေးအေးမှာ ခနစိမ်ပေးပါ
  • အေးပြီး ခပ်တောင့်တောင့်လေး ဖြစ်လာပြီဆိုတာနဲ့ အကွင်းလိုက် မထူမပါးလေး လှီးပေးပါ
ပြည်ကြီးငါးအသုပ်လေး သုပ်ဖို့ပြင်ပါမယ်
  • ခရမ်းချဉ်သီး ကြီးကြီးတလုံးကို ခပ်ပါးပါးလှီးပါ
  • နံနံပင်နဲ့ငရုတ်သီးစိမ်းကို နှစ်သက်သလောက် လှီးထားပါ
  • ပန်းကန်တခုထဲသို့သံလွင်ဆီ (သို့) ပဲဆီစိမ်း အနည်းငယ် ကင်းမွန် ခရမ်းချဉ်သီး ငရုတ်သီးစိမ်း နံနံပင် ငံပြာရည်နှင့် အရသာမှုန့်တို့ကို အနေတော်ထဲ့ကာ ခပ်ဖွဖွနယ်ပေးပါ
  • အရသာမြည်းပြီး စားသုံးဖို့ အဆင်သင့်ဖြစ်တဲ့ ပြည်ကြီးငါး အသုပ်လေး ရပါပြီ












Friday, 23 January 2015

ကြက်သား ဆီချက်ခေါက်ဆွဲ



ဒီနေ့လုပ်စားဖြစ်တဲ့ ဆီချက်ခေါက်ဆွဲလေးပါ တရုတ်အမဲ မစားတဲ့အတွက် ကြက်သားလေးနဲ့ဘဲ လုပ်စားဖြစ်ပါတယ် ထမင်းလွတ် စားမှာမို့ ၃ယောက်စာကို ခေါက်ဆွဲတထုတ် ပြုပ်ပြီး ပြင်လိုက်ပါတယ်။

လိုတာလေးတွေပြောပါမယ်

  • ကြက်ရင်ပုံသား - 150g
  • ခေါက်ဆွဲ - 200g
  • ဆီ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တဗူးသာသာ
  • နှမ်းဖြူ - ထမင်းစားဇွန် သုံးဇွန်း
  • ကြက်သွန်ဖြူကြော် - ထမင်းစားဇွန်း ၃ဇွန်း
  • ကင်းမွန်ငံပြာရည် - လဖက်ရည် အကြမ်းပန်းကန် တလုံး
  • အရသာမှုန့် - အနည်းငယ်
  • မြေပဲ - ထမင်းပေါင်းအိုး ဆန်ချင်ခွက် တဗူး
  • ကြက်သွန်မိတ် - အနည်းငယ်
  • နာနတ်ပွင့် - တပွင့်
  • ဆား - လက်ဖက်ရယ်ဇွန်း တ၀က်
ပြင်ဆင်ပုံလေးပြောပါမယ်
  • ကြက်သားကို ရေဆေးပြီး ဆားနှင့်နယ်ကာ ရေမြုပ်အောင်ထည့်ပြီး နာနတ်ပွင့် ည့်ကာ ရေခမ်းအောင် ပြုပ်ပေးပါ
  • ကြက်သားကျက်သွားပါက ခပ်သေးသေးမွမွလေးတွေ လှီးထားပါ
  • ခေါက်ဆွဲကို ရေနွေးဆူဆူမှာ နူးအောင်ပြုပ်ပေးပြီး ရေနွေးကို ဇကာထဲသွန်ချပြီး ရေလေးထပ်လောက်ဆေးပြီး ရေစစ်ထားပါ
  • မြေပဲကိုလှော်ပြီး အခွံချွတ်ကာ မညက်တညက် ထောင်းထားပါ
  • ကြက်သွန်ဖြူ ကြော်ပြီးသားကို မညက်တညက် ချေထားပါ (လဖက်ထဲထည့်တဲ့ ကြက်သွန်ဖြူဆိုရင် ပိုကောင်းပါတယ် )
  • ဆီကို အပူပေးပြီး ဆီပူလာပါက မီးကိုလျှော့လိုက်ပြီး နှမ်းကိုထည့်ကြော်လိုက်ပါ ထည့်ကြော်ပြီးတာနဲ့ မီးဖိုပေါ်က ချပေးပါ
  • ကြက်သွန်မိတ်ကို ရေဆေးပြီး ခပ်သေးသေးလှီးထားပါ
  • ငံပြာရည်နှင့် အရသာမှုန့်ကို အဆင်သင့်ပြင်ထားပါ
တပွဲစာပြင်ပါမယ်
  • ပြုပ်ထားသော ခေါက်ဆွဲကို တပွဲစာယူပြီး ဇကာထဲထည့်ကာ ရေနွေးထဲ ခနလေးစိမ်ပြီး ပြန်ဆည်ကာ ရေစစ်ပြီး ပန်းကန်ထဲထည့်ပေးပါ
  • ကြက်သားထမင်းစားဇွန်း တဇွန်း အရသာမှုန့် လက်ဖက်ရည်ဇွန်း တ၀က် မြေပဲမှုန့် ထမင်းစားဇွန်း တဇွန်း ဆီချက် ထမ်းစားဇွန်း တဇွန်းခွဲ ငံပြာရည် လက်ဖက်ရယ်ဇွန် တ၀က်သာသာ ကြက်သွန်ဖြူဆီချက် လက်ဖက်ရည်ဇွန်း တဇွန်းနှင့် ကြက်သွန်မိတ်တို့ထည့်ကာ ကြက်ရိုးဟင်းခါး ကြက်သွန်ချဉ်လေးတို့ နှင့်တွဲဖက်ကာ သုံးဆောင်နိုင်ပါပြီ။

ဒီတံဆိပ်ခေါက်ဆွဲကို သုံးပါတယ်

ကြက်သားကိုပြုပ်ပြီး အအေးခံကာ ခပ်သေးသေးလှီးပေးပါ

ကြက်ရိုးဟင်းခါးလေး ပြင်ပြီး သုံးဆောင်နိုင်ပါတယ်

ဂေါ်ဖီပန်းပွင့် သနပ်


အသားမစားသူတွေအတွက် ထမင်းစားလို့မိန်စေတဲ့ ပန်းပွင့်သနပ်လေးပါ  လုပ်နည်းလေးလွယ်သလောက် စားလို့အရမ်းကောင်းပါတယ်။

ပန်းပွင့်သနပ်အတွက် ပါဝင်တာလေးတွေ ပြောပါမယ်

  • ပန်းဂေါ်ဖီ အနေတော် - တပွင့်
  • မုံလာဥနီ ခပ်ကြီးကြီး - တဥ
  • ကြက်သွန်ဖြူ အမွှာကြီးကြီး - ၁၀မွှာ
  • ဆား လက်ဖက်ရည်ဇွန်း - တဇွန်း
  • သကြား ထမင်းစာဇွန်း - တဇွန်း
  • ဗီနီဂါ ထမင်းစားဇွန်း - ၃ဇွန်း
  • မဆလာ ထမင်းစားဇွန်း - တဇွန်း
  • ငရုတ်သီး အရောင်တင်မှုန့် ထမင်းစားဇွန်း - တဇွန်း
  • ဆီ ထမင်းပေါင်းအိုး ဆန်ချင်ဗူး - တဗူးခွဲ
ပန်းပွင့်သနပ် လုပ်နည်းလေး ပြောပါမယ်
  • ပန်းပွင့်ကို အပွင့်လိုက်ရေဆေးပြီး အခက်လေးများရအောင် လှီးပါ
  • မုံလာဥနီကို အခွံခွာပြီး ရေဆေးကာ သေးသေးရှည်ရှည်လေးတွေ ရအောင်လှီးပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ အနေတော်လေးတွေ စိပ်ပေးထားပါ
  • ပန်းပွင့် မုံလာဥနီ ကြက်သွန်ဖြူတို့ကို တပုံဆီပုံပြီး ၃နာရီလောက် နေလှန်းပေးပါ
  • ဆီကို ဘာမှမထည့်ဘဲ ကျက်အောင်ချက်ပြီး အအေးခံထားပါ
  • နေလှန်းပြီးပါက ဇလုံကျယ်ကျယ်ထဲကို နေလှန်းထားသော ပန်းပွင့် မုံလာဥနီတို့ကို ထည့်ပြီး သကြား ဆားနှင့်ဗနီကာထဲ့နယ်ကာ နာရီဝက်လောက် နှပ်ထားပေးပါ
  • နာရီဝက်ပြည့်ပါက ငရုတ်သီး အရောင်တင်မှုန့် မဆလာ ကြက်သွန်ဖြူတို့ထည့်နယ်ကာ အအေးခံထားသော ဆီချက်ကို လောင်ထည့်ပြီး သမအောင်မွှေကာ စားသုံးနိုင်ပါပြီ။







Thursday, 22 January 2015

မြန်မာ့ရိုးရာ ထမနဲမွှေးမွှေးလေး



ဒီနေ့တော့ ရာသီစာ ထမနဲလေး ထိုးဖြစ်ပါတယ် ဆွမ်းတော်လဲကပ်ချင်တာမို့ မနက်စောစောလေး ထထိုးဖြစ်ပေမဲ့ တပင်တိုင်မင်းသမီး ကျမတယောက်ထဲ မီးဖိုဆောင် အပိုင်စားရထားသူမို့ ကြော်ဟယ်လှော်ဟယ်နဲ့ ဆိုင်းဝိုင်းထဲ ထိုင်နေရသလိုပါဘဲ ပါတ်ချာလည်နေလိုက်တာများ ဆွမ်းတော်ကပ်ဖို့ မှီတယ်ဆိုရုံလေးပါဘဲ။

အုန်းသီးခွဲ အုန်းဆံထိုးလဲ ကိုယ်တိုင်လုပ်ရတာမို့ ဒီနေ့တော့ လက်တော်တော်နာမဲ့ သဘောမှာရှိနေတယ် ထမနဲထိုးရတာလဲ လက်အားသန်မှ မုန့်သားအသားညက်မှာမို့  အားလုံးပြီးရင်တော့လအကိုက်အခဲ ပျောက်ဆေးလေးတော့ ကူရမယ် ထင်ပါရဲ့နော်။

ထမနဲထိုးဖို့ ပါဝင်တာလေးတွေ ပြောပါမယ်

  • ကောက်ညှင်းဆန်  - ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၂ဗူး
  • အုန်းသီး - တခြမ်း
  • ချင်း - ၂လက်မ
  • နှမ်းဖြူ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တ၀က်သာသာ
  • နှမ်းမဲ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တ၀က်
  • ဆား - လဖက်ရည်ဇွန်း တ၀က်သာသာ
  • မြေပဲ - ထမင်းပေါင်းအိုး ဆန်ချင်ဗူးတဗူး
  • ဆီ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တဗူး
ထမနဲ ထိုးနည်းလေးပြောပါမယ်
  • ကောက်ညှင်းဆန်ကို ရေဆေးကာ နာရီဝက်လောက်ေ ရစိမ်ထားပါ
  • ချင်းကို အခွံခွာကာအချပ်လိုက် ပါးပါးလှီးပြီး အမြှောင်းလေးတွေရအောင် ထပ်လှီးပေးပါ
  • နှမ်းဖြူ နှမ်းမဲတို့ကို အဆင်သင့် ပြင်ထားပေးပါ
  • အုန်းသီးကို ခပ်ပါးပါးထိုးထားပြီး ဆီနှင့်ရွှေဝါရောင် ရအောင်ကြော်ပြီး ဆယ်ထားပါ
  • မြေပဲကို ကျက်အောင်လှော်ပြီး အခွံချွတ်ထားပါ
  • အားလုံးအဆင်သင့် ဖြစ်ပြီဆိုရင် ဆီကို မကပ်သောအိုး ဇောက်နက်နက်နဲ့ပူလာအောင် တည်ပေးပါ
  • ဆီပူလာတာနဲ့ချင်းကိုထဲ့ကြော်ပါ မွှေးလာတာနဲ့ ကောက်ညှင်းဆန်ကို ရေစစ်ပြီး ထဲ့ကြော်ပါ
  • ဆန်သားကွဲပြီး ဆန်စေ့တလုံးခြင်း ဖြစ်လာပြီဆိုတာနဲ့ရေမြုပ်အောင်ထဲ့ပြီး မွှေပေးပါ
  • ပထမ တရည်ခမ်းအောင် မွှေပေးပြီး နောက်တရည် မြုပ်အောင်ထဲ့ပြီး ဆက်တိုက်မွှေပေးပါ
  • ရေခမ်းကာနီး ဆီသားတက်လာပြီဆိုတာနဲ့ အုန်းသီ မြေပဲ ဆား နှမ်းဖြူနှမ်းမဲတို့ကို တမျိုးဆီထည့်ပြီး မွှေပါ
  • မွှေနေရင်းက ရေခမ်းလာပြီး ဆီသားအကုန်တက်လာပြီဆိုတာနဲ့ ထမနဲမွှေးမွှေးလေး ရပါပြီ














Sunday, 18 January 2015

ပုဇွန်ထုတ် ငရုတ်သီးစိမ်စပ်စပ်လေး


ဒီဟင်းလေးက မာမာတို့သားအမိတွေ အရမ်းကြိုက်တဲ့ ဟင်းလေးပါ သောက်လေသောက်လေ ငတ်မပြေဆိုသလိုဘဲ စပ်လေစပ်လေ စားမ၀လေဆိုတဲ့ ဟင်းလေးပါ။

စပ်လွန်ုးလို့ထမင်းထပ်ထဲ့ ထပ်ထဲ့ရင်းစားမိရင်းက ထမင်းပြတ်သွားရတာလဲ ခနခနကြုံရတဲ့ ဟင်းလေးပါ ပုဇွန်သေးသေးမရတာနဲ့ ပုဇွန်ထုတ်ကို အနေတော်တုံးပြီး ပုဇွန်ခေါင်းလေးတွေပါ ထည့်ချက်ထားတာပါ ပဲကြာဇံဟင်းလေးနဲ့ လိုက်ဖက်လွန်းတဲ့ ဟင်းအတွဲလေးပါ။

ပါဝင်ပစ္စည်းများ

  • ပုဇွန်ထုတ် - 350g
  • ကြက်သွန်နီ - အနေတော် တခြမ်း
  • ငံပြာရည် - ထမင်းစားဇွန်း ၃ဇွန်း
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
  • ငရုတ်သီးစိမ်း - အတောင့် ၃၀
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  • ဆီ - ထမင်းစားဇွန်း ၂ဇွန်း
ချက်နည်းလေးပြောပါမယ်
  • ပုဇွန်ကို အခွံခွာပြီး ကြောနှင့်ခေါင်းထဲမှ အစာအိတ်နှင့် အစာလမ်းကြောင်းကိုထုတ်ပြီး အနေတော်ပိုင်းထားပါ
  • ဆီကိုအပူပေးကာ နနွင်းမှုန့်ထဲ့ပြီး ကြက်သွန်နီကို ဆီသတ်ပါ
  • ကြက်သွန်နီနွမ်းတာနဲ့အရသာမှုန့် ပုဇွန်နှင့် ငံပြာရည်တို့ ထည့်ကြော်ပါ
  • ပုဇွန်ကိ ၂မိနစ်လောက်ဘဲကြော်ပြီး ငရုတ်သီးစိမ်းထည့်ကြော်ပါ
  • တမိနစ်လောက် ကြော်ပြီးတာနဲ့ ရေအနည်းငယ်ထဲ့ပြီး ဆူအောင်တည်ပေးပြီးရင် ရပါပြီ။

Tuesday, 13 January 2015

သတ်သတ်လွတ် အာလူးကတ်တလိပ်


ထမင်းနဲ့မစားဘဲ သရည်စာလိုမျိုး စားရအောင် ကြော်ဖြစ်တဲ့ အာလူးကတ်တလိတ်လေးပါ သတ်သတ်လွတ်လေးပေမဲ့ အရမ်းကို စားလို့ကောင်းပြီး ကိုယ်တိုင်ကဘဲ အာလူးကို ကြိုက်လို့လား မသိပါဘူး အာလူးဆို ဘယ်လိုချက်ချက် အကြိုက်တွေ့နေတတ်ပါတယ်။

အာလူးကတ်တလိတ် အတွက် လိုအပ်တာလေးတွေ ပြောပါမယ်

  • အာလူး - 400g
  • ပြောင်းဖူးမှုန့် - ထမင်းစားဇွန်း တဇွန်းခွဲ
  • ဆား - လက်ဖက်ရည်ဇွန်း တ၀က်
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်သာသာ
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
  • ဆီ - လက်ဖက်ရည်အကြမ်း ပန်းကန်လုံး နှစ်လုံးလောက်
  • မဆလာ - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
ကြော်နည်းလေး ပြောပါမယ်
  • အာလူးကိုရေဆေးပြီး နူးအောင်ပြုပ်ပြီး အခွံခွာကာ အာလူးကို ကျေအောင် ချေထားပါ
  • ချေထားသောအာလူးများ အေးလာပါက ဆား အရသာမှုန့် ပြောင်းဖူးမှုန့် မဆလာတို့နဲ့ ရောနယ်ပြီး စေးပိုင်လာအောင် ထောင်းပေးပါ
  • အာလူးများ စေးပိုင်လာပါက အနေတော် အလုံးလေးများ ရအောင် လုံးပေးပါ
  • ဆီကိုအပူပေးပါ ဆီပူလာပါက မီးကို အနေတော်သို့လျော့ပေးပြီးမှ အာလူးလုံးလေးများ ထဲ့ကြော်ပေးပါ
  • ကြော်နေစဉ် အကျက်ညီစေရန်  ၀ါးယောင်းမလေးနှင့် လှည့်လှည့်ပေးပါ
  • အားလုံး ရွှေဝါရောင်သန်းလာပါက ဆယ်ပြီး ဆီစစ်ပေးပါ
  • ဆီစစ်သွားပါက. မဆလာနံ့ မွှေးမွှေးလေးနဲ့ အရသာရှိသော အာလူးကတ်တလိတ်လေးကို သုံးဆောင်နိုင်ပါပြီ။

ခရမ်းချဉ်သီး ကြက်ဥမွှေကြော်



မာမာ့ ဘလော့လေးဆီ မလာဖြစ်တာ တော်တော်ကြာသွားခဲ့ပြီ ဟင်းတွေချက်ဖြစ်ပေမဲ့ မတင်ဖြစ်ခဲ့တာပါ စာရေးဖို့မအားတာက တကြောင်း လက်နာနေတာက တကြောင်းမို့ ဒီနေ့မှ ကိုယ့်အိမ်လေးဆီ ကိုယ်ပြန်လာလည်ဖြစ်ပါတော့တယ်။

ဒီနေ့တော့ ကြက်ဥခရမ်းချဉ်သီး မွှေကြော်လေး ကြော်ဖြစ်ခဲ့ပါတယ် ကြော်ရတာ လွယ်ကူသလောက်  စားရတာတော့ အင်မတန်ကောင်းပါတယ် အိမ်က သမီးလေး အကြိုက်မို့ မကြာမကြာ ကြော်ဖြစ်ခဲ့တဲ့ ဟင်းတမယ်ပါ။

ပါဝင်တာလေးပြောပါမယ်

  • ကြက်ဥ - ၅လုံး
  • ခရမ်းချဉ်သီး ကြီးကြီး - ၃လုံး
  • ကြက်သွန်နီအနေတော် - ၁ဥ
  • ဆီ - ထမင်းစားဇွန်း ၄ဇွန်း
  • ဆား - လက်ဖက်ရည်ဇွန်း တ၀က်သာသာ
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
ကြော်နည်းလေးပြောပါမယ်
  • ကြက်ဥကို ဆား အရသာမှုန့်တို့ထဲ့ပြီး ခလောက်ထားပါ
  • ခရမ်းချဉ်သီးကို ရေဆေးပြီး ခပ်ပါးပါးလေးတွေ လှီးထားပါ
  • ကြက်သွန်နီကို အခွံခွာကာ အလုံးလိုက်ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
  • ဒယ်အိုးကို အပူပေးပြီး ဆီနှင့်နနွင်းမှုန့် ထဲ့ပါ
  • ဆီကျက်သွားပါက ကြက်သွန်နီကို နွမ်းအောင်ကြော်လိုက်ပါ
  • ကြက်သွန်နီ နွမ်းတာနဲ့ခရမ်းချဉ်သီးကို ထဲ့မွှေကာ ကျေသွားတဲ့အထိ ကြော်ပေးပါ
  • ခရမ်းချဉ်သီးများ ကျေသွားပါက ခလောက်ထားသော ကြက်ဥမွှေကို ထဲ့ကြော်ပေးပါ
  • ကြက်ဥနှင့်ခရမ်းချဉ်သီးများ မွှေပြီးကြော်နေရင်းမှ ခဲပြီးကျက်လာလျှင် အရသာမြည်းပြီး သုံဆောင်နိုင်ပါပြီ
  • ချဉ်ဖြုံ့ဖြုံ့ စိမ့်စိမ့်လေးနဲ့စားလို့အရမ်းကောင်းတဲ့ ဟင်းတမယ်ရပါပြီ။



ဟင်းချက်ရန် လိုအပ်သော ကြက်ဥနှင့် ခရမ်းချဉ်သီး



ဟင်းချက်ရန် အဆင်သင့်ပြင်ထားပေးပါ