Wednesday, 3 December 2014

ပုဇွန်ထုတ် ငရုတ်သီးစိမ်း ဆီကျန်ရေကျန်အစပ်ချက်


ဒီနေ့ချက်ဖြစ်တဲ့ပုဇွန်အစပ်ဟင်းလေးပါ သားအမိ၃ယောက် အကြိုက်တူတဲ့ ဟင်းအမယ်လေးမို့ မကြာမကြာလဲ ချက်စားဖြစ်ကြပါတယ် ပုဇွန်ထုတ်ကို ခေါင်းပါထဲ့ချက်တဲ့အတွက် ပုဇွန်ဆီကြောင့် အရောင်လဲလှသလို အကောင်ကြီးတဲ့အတွက် အချိုလဲ ပိုပြီးလေးပင်ပါတယ်။

ရှူးရှူးရှဲရှဲနဲ့စပ်လှပေမဲ့ အစပ်ကြိုက်တဲ့ သူတွေအတွက်တော့ ပျားသကာကို စားရသလိုဘဲပေါ့နော် မာမာ့အမေရှိစဉ်က ခနခနချက်တဲ့ဟင်းမို့ ဒီလိုဟင်းမျိုး ချက်တိုင်းအမေ့ကို ပိုပြီးသတိရစေတာတော့ အမှန်ပါ။

လိုအပ်တာလေးပြောပါမယ်

  • ပုဇွန်ထုတ် - အကောင်ကြီးကြီး ၁၀ကောင်
  • ငရုတ်သီးစိမ်း - အတောင့် ၄၀နီးပါး
  • ကြက်သွန်နီ - အနေတော် တစ်လုံး
  • ဆီ - ထမင်းစားဇွန်း ၃ဇွန်း
  • ဆား - လက်ဖက်ရည်ဇွန်း တ၀က်
  • ငံပြာရည် - ထမင်းစားဇွန်း ၂ဇွန်း
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်
ဟင်းချက်ရန်ပြင်ပါမယ်
  • ပုဇွန်ထုတ်ကို ရေဆေးပြီး အခွံများလွာလိုက်ပါ
  • ပုဇွန်ခေါင်းကို အသာအရခွာပြီး ခေါင်းထဲမှ အစာအိတ်နှင့်သွားတို့ကို ဖယ်ပေးပါ
  • ပုဇွန်ကြောကိုခွဲကာ အမဲကြောင်း ထုတ်ပေးပါ
  • ပုဇွန်ထုတ်ကို အနေတော် အတုံးလေးများ တုံးပေးထားပါ
  • ကြက်သွနီကို အခွံခွာပြီးရေဆေးကာ ပါးပါးလှီးထားပါ
  • ငရုတ်သီးစိမ်းကို ရေဆေးပြီး ပါးပါးလှီးထားပါ
  • အားလုံးအဆင်သင့်ဖြစ်ပါက ဒယ်အိုးထဲဆီထဲ့ကာ ဆီကိုအပူပေးပါ
  • ဆီပူလာတာနဲ့နနွင်းမှုန့်ထဲ့ပြီး ကြက်သွန်နီကို ကြော်ပေးပါ
  • ကြက်သွန်နီနွမ်းတာနဲ့ ပုဇွန် ဆား ငံပြာရည် အရသာမှုန့်ထဲ့ပြီး ကြော်ပေးပါ
  • ပုဇွန်ကို ၃မိနစ်လောက်ဘဲ ကြော်ပေးပြီး ငရုတ်သီးစိမ်းကို ထဲ့မွှေပါ
  • တမိနစ်လောက်မွှေပေးပြီးတာနဲ့ ရေကိုပုဇွန်မြုပ်အောင်ထဲ့ပြီး တည်ပေးပါ
  • ရေပွက်ပွက်ဆူပါကာ ဆီကျန်ရေကျန် အနေတော်ရချိန်မှာ အရသာမြည်းပြီး မီးပိတ်ပေးကာ ထမင်းပူပူလေးနဲ့ စားသုံးနိုင်ပါပြီ။



လိုအပ်သော ပစ္စည်းများ

ဟင်းချက်ရန် အဆင်သင့်ပြင်ထားပေးပါ

ကြက်သား ပြုပ်ကြော်



ကြက်သားပြုပ်ကြော် မွှေးမွှေးလေး ချက်ဖြစ်ပါတယ် အိမ်ရှင်မတို့တနေ့တာ ဘာချက်ရမလဲ စဉ်းစားရတာ တခါတခါတော့လဲ ခေါင်းနောက်မိကြမှာပါ ကိုယ်ချက်တာလေးကို မိသားစုမှ ကြိုက်ရဲ့လား စားချင်တာလေးများရော ဖြစ်ရဲ့လားပေါ့ ဒီနေ့တော့ အဆင်ပြေမဲ့ ဟင်းလေးတမျိုး စီမံပြီး ချက်ထားပါတယ်။

ဒီနေ့တော့ စားလို့လဲကောင်းစေ ထမင်းလဲမိန်စေဆိုတဲ့ ကြက်သားပြုပ်ကြော်လေး ကြော်ဖြစ်ခဲ့ပါတယ်။

ကြက်သားပြုပ်ကြော်လုပ်ရန် လိုအပ်တာလေးတွေပြောပါမယ်

  • ရေစင်အောင်ဆေးထားသော ကြက်ရင်ပုံသား - 200g တစ်တုံး
  • ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
  • ပါးပါးလှီးထားသေား ချင်း - ၈ပြား
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
  • ဆီ - ထမင်းစားဇွန်း ငါးဇွန်း
ကြက်သားပြုပ်ကြော် လုပ်နည်းလေးကိုပြောပါမယ်
  • ကြက်ရင်ပုံသားကိုရေဆေးပြီး ဆား နနွင်း ချင်း အရသာမှုန့်တို့နယ်ပြီး ရေမြုပ်အောင်ထဲ့ပြီး ပြုပ်ပေးပါ
  • အောက်ခြေမကပ်တဲ့ အိုးနဲ့ပြုပ်ပေးပါ
  • ပြုပ်ထားသော ပထမတရည်ခမ်းကာနီးမှာ မီးအပူရှိန်ကိုလျှော့လိုက်ပြီး ရေခမ်းပြီးကြက်သားကို အိုးနဲနဲကပ်အောင်ထားပေးပါ
  • အိုးအောက်ခြေ ကပ်လာပြီဆိုတော့မှ ဆီနှင့်ရေ လက်ဖက်ရည်အကြမ်းပန်းကန် တလုံးလောက်ထဲ့ပြီး မီးပြန်တင်ပေးပါ
  • ရေခမ်းကာနီး ဆီကျန်ရေကျန်ဖြစ်နေချိန်မှာ မီးပိတ်ပေးပြီး နှစ်သက်သလို လှီးပြီး စားသုံးနိုင်ပါပြီ။


ခပ်ပါးပါးလှီးထားသော ကြက်သားပြုပ်ကြော်နှင့် ထမင်းပူပူလေးကို ပြုပ်ကြော်ဆီလေးဆမ်းကာနဲ့စားသုံးနိုင်ပါပြီ

သီးရွက်စုံ ချိုချဉ်ကော်ရည်



သီးစုံကော်ရည် ချက်တဲ့နေ့က ထမင်းမိန်စေတဲ့ နေ့လေးတနေ့ပါ အသားမပါပေမဲ့ အချို အချဉ် အငံအရသာ ပိုထားပြီး အသီးအနှံတို့ရဲ့ အဟာရ အရသာတို့က ပြည့်စုံနေတဲ့အတွက် စားမိန်ဖွယ်ရာ ဟင်းတမယ်ဆိုလဲ မမှားပါဘူး ထမင်းပေါင်း လုပ်စားချင်ရင်လဲ ထမင်းပူပူပေါ် ဆမ်းပြီးစားနိုင်တဲ့ ချိုချဉ်ဟင်းမို့ ချက်နည်းလေး မျှဝေချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ခပ်ထူထူလှီးထားသော ဂေါ်ဖီ - ဟင်းပြင်ပန်းကန်အသေး တလုံးစာ
  • အနေတော်လှီးထားသော ဘရိုကိုလီ - ဟင်းပြင်ပန်းကန်အသေး တလုံးစာ
  • အဖတ်လေးများရအောင် လှီးထားသော ကြက်သွန်နီ  - အနေတော် တလုံး
  • သေးသေးရှည်ရှည်လေးတွေ လှီးထားသော မုံလာဥနီ - ဟင်းပြင်ပန်းကန် အသေး တလုံးစာ
  • ဓါးပြားရိုက်ထားသော ကြက်သွန်ဖြူ - ၃မွှာ
  • ချယ်ရီခရမ်းချဉ်သီး - ၈လုံး
  • တရုတ်နံနံ - အခက်ကြီးကြီး ၂ခက်
  • ပြောင်းကော်မှုန့်. - ထမင်းစားဇွန်း ၂ဇွန်းမောက်မောက်
  • သကြား - ထမင်းစားဇွန်း တဇွန်း 
  • ဆား - လက်ဖက်ရည်ဇွန်း တဇွန်း
  • ပဲငံပြာရည် - ထမင်းစားဇွန်း တဇွန်း
  • ဆီ - ထမင်းစားဇွန်း ၃ဇွန်း 
ကော်ရည်ဖျော်ထားရန်
  • အသီးအရွက်မကြော်ခင် ကော်ရည်ဖျော်ထားပေးပါ
  • ပြောင်းကော်မှုန့် သကြား ဆားတို့ကို ရေ တရုတ်ဟင်းရေသောက်ပန်းကန် တစ်လုံးစာလောက်နဲ့ ဖျော်ထားပေးပါ။
အသီးအရွက် ကြော်ရန်ပြင်ပါမယ်
  • ဇောက်နက်သော အိုးတလုံးကို အပူပေးပြီး ဆီထဲ့ပါ
  • ဆီပူလာပါက ဓါးပြားရိုက်ထားသော ကြက်သွန်ဖြူကို မွှေးလာတဲ့အထိ ကြော်ပေးပါ
  • ကြက်သွန်ဖြူမွှေးလာတာနဲ့ တရုတ်နံနံနှင့် ခရမ်းချဉ်သီးမှလွဲပြီး အားလုံးကို ထဲ့ကြော်ပေးပါ
  • ၂မိနစ်လောက်ဘဲကြော်ပေးပါ အရွက်များနွမ်းလျှင် စားလို့မကောင်းပါ
  • အရွက်များ အရမ်းမနွမ်းခင်မှာ ဖျော်ထားသော ကော်ရည်ကိုလောင်းထဲ့ပြီး မွှေပေးပါ
  • ကော်ရည်ပျစ်လာပါက ခရမ်းချဉ်သီးနှင့် တရုတ်နံနံထဲ့မွှေပြီးတာနဲ့ မီးပိတ်ပေးပါ
  • ထမင်းပူပူနဲ့ တွဲဖက်စားသုံးနိုင်ပါပြီ။