Sunday, 23 November 2014

သတ်သတ်လွတ် သီးစုံထမင်းပေါင်း


အသားမပါပေမဲ့ အရသာကောင်းမွန်လွန်းတဲ့ သတ်သတ်လွတ် သီးစုံထမင်းပေါင်းလေး လုပ်စားဖြစ်ပါတယ် အိမ်ရှင်မရဲ့ တနေ့တာ ဘာချက်ရမလဲ ဘာလေးလုပ်ပေးရင် သူတို့တွေ စားလို့မိန်ကြမလဲဆိုတာကို အိပ်ယာကနိုးတာနဲ့ အလိုလိုကို ခေါင်းထဲဝင်လာပြီးသားပါ။

ဒါကြောင့်မို့ ဒီနေ့တော့ အသားမစားတဲ့ ကလေးအတွက် သီးရွက်စုံ ထမင်းပေါင်းလေး လုပ်ပေးဖြစ်ပါတယ် ထမင်းပေါင်းရဲ့အခြေခံကတော့ အဓိက ကော်ရည်ပါဘဲ ကျန်တဲ့အသား အသီးအရွက်ကတော့ ကိုယ်ကြိုက်တာ ကိုထဲ့လို့ရပါတယ်။

လိုတာလေးတွေပြောပါမယ်

  • ချက်ပြီးသားထမင်း - ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၃ဗူး
  • အခက်လေးများပိုင်းဖြတ်ထားသော ဘရိုကိုလီ - ဟင်းပြင်ပန်းကန်အလတ် တလုံးမောက်မောက်
  • အခက်လေးများပိုင်းဖြတ်ထားသော ပန်းဂေါ်ဖီ - ဟင်းပြင်ပန်းကန်အလတ် တစ်လုံးမောက်မောက်
  • ခပ်ထူထူလှီးထားသော ဂေါ်ဖီ - ဟင်းပြင်ပန်းကန်း တစ်လုံးမောက်မောက်
  • ပန်းပွင့်ပုံစံလှီးထားသော မုံလာဥနီ - ဟင်းပြင်ပန်းကန်အသေး တစ်လုံးမောက်မောက်
  • အနေတော်လှီးထားသော တရုတ်နံနံ - ဟင်းပြင်ပန်းကန်အသေး တစ်လုံးမောက်မောက်
  • ခပ်စောင်းစောင်းလှီးထားသော ဘေဘီပြောင်းဖူး - ဟင်းပြင်ပန်းကန်အသေး တစ်လုံးမောက်မောက်
  • အဖတ်လေးများရအောင်လှီးထားသော ကြက်သွန်နီ - အနေတော် တစ်လုံး
  • ဓါးပြားရိုက်ထားသော ကြက်သွန်ဖြူ - အမွှာကြီးကြီး ၃မွှာ
  • ဆီ - ထမင်းစားဇွန်း နှစ်ဇွန်းသာသာ
  • ပဲငံပြာရည်အပျစ် - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
ကော်ရည်ဖျော်ရန်
  • ပြောင်းဖူးမှုန့် - ထမင်းစားဇွန်း ၂ဇွန်း
  • ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  • သကြား - ထမင်းစားဇွန်း တစ်ဇွန်း
  • ရေ. - ဟင်းပြင်ပန်းကန်အကြီး တစ်လုံးမရှိတရှိတို့ကို အားလုံးရောပြီးဖျော်ထားပါ
  • ကော်ရည်များများကြိုက်ပါက ရေပိုထဲ့ပြီးဖျော်ပေးပါ
အသီးအရွက်ကြော်နည်းလေး ပြောပါမယ်
  • အသီးအရွက်အားလုံးကို ရေစင်အောင်ဆေးကာ လှီပြီးရေစစ်ထားပါ
  • အိုးအောက်ချေထူသောအိုးကို အပူပေးပါ ပူလာပါကဆီကိုအရင်ထဲ့ပါ
  • ဆီပူလာတာနဲ့ကြက်သွန်ြဖူကို မွှေးလာတဲ့ထိကြော်လိုက်ပါ
  • ကြက်သွန်ဖြူမွှေးလာတာနဲ့ အသီးအရွက်များကို တရုတ်နံနံမှလွဲပြီး အားလုံးထဲ့ကြော်လိုက်ပါ
  • နှစ်မိနစ်လောက်ကြော်ပြီးတာနဲ့ စပ်ထားသောကော်ရည်ကိုလောင်းထဲ့ပါ
  • အရသာမျှတအောင် အားလုံးကို မွှေပေးပြီးအရသာမြည်းပါ ပဲငံပြာရည်ထဲ့ကာမွှေပေးပါ
  • အရသာကို လိုသလိုပြင်ပေးပြီး တရုတ်နံနံထဲ့ပြီးမွှေပေးပါ
  • ကော်ရည်နည်းပါက ရေထပ်ထဲ့ပြီး မွှေပေးနိုင်ပါတယ်
  • အသီးအရွက်များနူးလွန်းရင် စားလို့မကောင်းတဲ့အတွက် ချက်ချိန် ၃မိနစ်သာသာလောက်ဘဲ ချက်ပေးပြီး မီးပိတ်ပါ
ထမင်းပွဲပြင်ဆင်ပုံ
  • ချက်ပြီးသားထမင်းကို ပန်းကန်တချပ်မှာ ထဲ့ပေးပါ
  • ချက်ပြီးကာစ ပူနေသော ကော်ရည်အသီးအရွက်တို့ကို ထမင်းပေါ်သို့ ဇွန်းမှုတ်နှင့်ခပ်ကာ လောင်းချပေးပြီး ပြင်ပေးပါ
  • ထမင်းပွဲပြင်ပြီးတာနဲ့  နှစ်သက်ရာ အချဉ် အစပ်တို့နှင့် တွဲဖက်ပြီး စားသုံးနိုင်ပါပြီ။


အသီးအရွက်ကိုကော်ရည်နဲ့ချက်ထားပါတယ်

ထမင်းပေါ်သို့ နှစ်သက်သလို အသီးအရွက်ကော်ရည်ကို ဆမ်းပြီး ပြင်ပေးနိုင်ပါတယ်

အုန်းထမင်း မွှေးမွှေးလေး



ဒီနေ့တော့ အုန်းထမင်းချက်နည်းလေး ပြောပြချင်ပါတယ် အုန်းထမင်းကတော့ မာမာ့အကြိုက် အစာတခုပါ အမေ့အိမ်မှာ အုန်းထမင်းချက်ကြမယ်လို့ သတင်းလေးသဲ့သဲ့များကြားရင် မာမာတယောက် ကြက်သွန်နွာမယ် အုန်းနို့ညှစ်ပေးမယ် ငရုတ်သီးထောင်းပေးမယ်ဆိုပြီး မီးဖိုဆောင်မှာ ပျော်ပျော်ကြီး ကူလုပ်ပေးတတ်သူပါ။

အခုတော့ ကိုယ်ကိုတိုင် အိုးသူကြီးဖြစ်နေပြီမို့ စားချင်တာလေး ထချက်လိုက် စားလိုက်နဲ့ ဇိမ်ကျသလောက် ၀ိတ်တွေလဲ တက်လို့နေပါပြီ ဒါကြောင့်မို့ တန်ဆေးလွန်ဘေးဆိုတဲ့အတိုင်း တော်ရုံလေးဘဲ စားကြဖို့ပြောရင်းနဲ့ ချက်နည်းလေး မျှဝေလိုက်ပါတယ်။

အုန်းထမင်းချက်ဖို့ လိုတာလေးတွေပြင်ပါမယ်

  • ဆန် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး သုံးဗူး
  • ကြက်သွန်နီ - အလုံးသေးသေး ၇လုံး
  • ဆား - လက်ဖက်ရည်ဇွန်း တ၀က်သာသာ
  • အုန်းနို့ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၃ဗူး
  • ရေ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တဗူးခွဲ 
  • သကြား - လက်ဖက်ရည်ဇွန်း တဇွန်း
  • ဆီ - ထမင်းစားဇွန်း နှစ်ဇွန်း
ချက်နည်းလေးပြောပါမယ်
  • ရိုးရိုးထမင်းချက်သလိုဘဲ ထမင်းပေါင်းအိုးထဲကို ဆန်ဆေးပြီးထဲ့ပါ
  • ဆား အုန်းနို့ ကြက်သွန်နီ ဆီ သကြား ရေတို့ထဲ့ပြီး ခလုတ်နှိပ်ကာ ချက်ပေးပါ
  • အမာဆန်ဆိုရင်တော့ ရေကို ဗူးတ၀က်လောက်ပိုထဲ့ပေးပါ
  • ရိုးရိုးထမင်းချက်သလို ချက်တာမို့ ခလုတ်တက်ရင် အုန်းထမင်းကျက်ပါပြီ
  • ကြက်သားဆီပြန် အမဲသားဆီပြန် ကြိုက်နှစ်သက်ရာ အသားဟင်းများနဲ့ တွဲဖက်ပြီး စားသုံးနိုင်ပါတယ်။
အုန်းနို့ကို ရယ်ဒီမိတ်လာသော ဗူးများကိုသုံးနိုင်သလို အုန်းသီးတလုံးကို ခြစ်ပြီး အရည်ညှစ်ယူလို့လဲရပါတယ်။

Saturday, 22 November 2014

ဖရဲသီးအခွံ ချဉ်ရည်သောက်ဆမ်းဟင်း




ဒီနေ့တော့ မနေ့ကစားတဲ့ ဖရဲသီးအခွံလေးတွေကို ချဉ်ငံစပ် ချဉ်ရည်ဟင်းလေး ချက်လိုက်ပါတယ် ဒီဟင်းလေးက ထမင်းကိုမိန်စေသလို အရည်သောက်ဆမ်းလေး လုပ်ပြီးသောက်လိုက်
ရင်လဲ ချဉ်ငံစပ်လေးမို့ ခံတွင်းလိုက်စေတဲ့ ဟင်းရည်လေးပါ။

ဖရဲသီးခွံ ချဉ်ရည်ဟင်းကို မာမာ ကျန်ခဲ့တဲ့ ၁၉နှစ်လောက်က ကရင်ပြည်နယ်ကော့ဘိန်းတိုက်နယ်ဆေးရုံမှာ နေစဉ်ရောက်ခဲ့စဉ် အချိန်က စပြီးစားဖူးခဲ့သလို မကြာမကြာလဲချက်ဖြစ်ပါတယ် ငပိရည်နဲ့တွဲပြီးတို့စားတဲ့ တို့စရာအဖြစ်လဲ ဖရဲသီးအခွံကို နှစ်သက်ခဲ့အတွက် ဒီနေ့တော့ ချဉ်ရည်ဟင်းချက်ည်းလေး မျှဝေလိုက်ပါတယ်။

လိုအပ်တာလေးတွေပြောပါမယ်

  • အစိမ်းရောင်အခွံခွာပြီး လက်နှစ်လုံးသာသာ အနေတော်လှီးထားသော ဖရဲသီးခွံ - ဟင်းပြင်ပန်းကန်အကြီး တလုံးမောက်မောက်
  • အခွံခွာပြီး ခပ်ပါးပါးလှီးထားသော ခရမ်းချဉ်သီး - ခပ်ကြီးကြီး နှစ်လုံး
  • ညက်နေအောင်ထောင်းထားသော ကြက်သွန်ဖြူ - အမွှာကြီးကြီး နှစ်မွှာ
  • ညက်နေအောင်ထောင်းထားသော ကြက်သွန်နီ - အနေတော် တခြမ်း
  • မညက်တညက်ထုထားသော စပါးလင် - အနေတော် နှစ်ပင်
  • ခေါင်းဖြုတ်ပြီး ကြောမှ အမဲကြောင်းထုတ်ထားသော ပုဇွန်ထုတ် - ငါးကောင်
  • ဆား - လက်ဖက်ရည်ဇွန်း တဇွန်း
  • ကြက်သားမှုန့် - လက်ဖက်ရည်ဇွန်ု တဇွန်း
  • ငရုတ်သီးအရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တ၀က်သာသာ
  • သံပုရာသီး - တစိတ်
  • ဆီ - ထမင်းစားဇွန်း နှစ်ဇွန်း
ဟင်းချက်ရန် လိုအပ်သောပစ္စည်း တချို့

ဟင်းချက်ရန်ပြင်ပါမယ်

အရသာနယ်ပြီးရေအနည်းငယ်ထဲ့ကာ တည်ပေးပါ

ချဉ်ငံစပ် ဖရဲသီးခွံသောက်ဆမ်း ချဉ်ရည်ဟင်းရပါပြီ

ချက်ဖို့ပြင်ပါမယ်
  • ဖရဲသီးအခွံ ဆီ ဆား ကြက်သားမှုန့် ငရုတ်သီးအရောင်တင်မှုန့် ခရမ်းသီးတို့ကို အိုးထဲသို့ထဲ့ကာ ခရမ်းချဉ်သီး ကျေအောင်နယ်ပေးပါ
  • ပုဇွန် စပါးလင်နှင့် ရေ အနည်းငယ်ထဲ့ပြီး လုံးချက်ချက်ပေးပါ
  • ရေဆူလာပြီဆိုတာနဲ့ ခပ်ဖွဖွမွှေပေးပြီး ရေ ဟင်းပြင်ပန်းကန် တလုံးစာ ထဲ့ပြီး ရေဆူအောင်ဆက်တည်ပေးပါ
  • အကြာကြီးရေဆူစရာမလိုပါ ရေဆူချိန်ကြာပါက ဖရဲသီးများ ကျေကုန်တတ်ပါတယ်
  • ရေဆူလာတာနဲ့ အရသာမြည်းပြီး လိုသလိုပြင်ကာ သံပုရာရည်ညှစ်ပြီး ဟင်းအိုးကို မီးပိတ်ပေးပါ
  • အရသာမွှေးမွှေးလေးနဲ့ ချဉ်ငံစပ် ဖရဲသီးသောက်ဆမ်း ချဉ်ရည်ဟင်းလေး ရပါပြီ။

Wednesday, 19 November 2014

လမ်းသရဲမုန့် စပ်စပ်လေး



ဒီနေ့တော့ အပျင်းပြေ လမ်းသရဲမုန့်လေး လုပ်စားဖြစ်ကြပါတယ် အိုးသူကြီးက လုပ်လိုက် စားမဲ့သူကစားလိုက်နဲ့ သမင်မွေးရင်း ကျားစားရင်းမို့ ဓါတ်ပုံတောင် မနဲ အလုအယက်ရိုက်ရတဲ့ အဖြစ်လေးပါ။

စားလို့ကောင်းလွန်းလို့ စားချင်တဲ့အချိန် စားနိုင်အောင် လုပ်နည်းလေးမျှဝေပါမယ်နော်
မုန့်၅ခုစာအတွက်

  • ဆန်မှုန့် - ထမင်းပေါင်းအိုးဆန်ချင်ဗူး တစ်ဗူး
  • ရေ. - ထမင်းပေါင်းအိုးဆန်ချင်ဗူး နှစ်ဗူး
  • ချင်း - တလက်မလောက်ကို ထောင်းပြီး အရည်ညှစ်ယူပါ
  • ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
  • အရသာမှုန့်. - လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ဆိုဒါ - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
  • ပါးပါးလှီးထားသော ဂေါ်ဖီ - တရုတ်ဟင်းပြင်ပန်းကန် တစ်လုံးစာ
  • အနေတော်လှီးထားသော ခရမ်းချဉ်သီး - တရုတ်ဟင်းပြင်ပန်းကန် တစ်လုံးစာ
  • အနေတော်လှီးထားသော ကြက်သွန်မိတ် - လက်ဖက်ရည်အကြမ်းပန်းကန် တစ်လုံးစာ
  • ပါးပါးလှီးထားသော ငရုတ်သီးစိမ်း - ၇တောင့်
  • မဆလာ - နှစ်သက်သလောက်
  • ပဲပြုပ် - တရုတ်ဟင်းပြင်ပန်းကန် တစ်လုံးစာ
  • ပဲပင်ပေါက် - တရုတ်ဟင်းပြင်ပန်းကန် တစ်လုံးစာ
  • ဆီ - လက်ဖက်ရည်ကြမ်းပန်းကန် တစ်လုံးစာသာသာ
မုန့်နှစ်ရည်စပ်ရန်အတွက်
  • ဆန်မှုန့် ရေ ချင်းရည် အရသာမှုန့် ဆိုဒါ ဆားတို့ကိုရောပြီး မုန့်ရည်စပ်ထားပေးပါ
  • အသီးအရွက်များကို ရေဆေးပြီးလှီးထားပေးပါ


လမ်းသရဲမုန့်လုပ်ရန် လိုအပ်တာများပြင်ထားပေးပါ

မုန့်လုပ်ရန် အိုးကိုအပူပေးပြီး ဆီထမင်းစားဇွန်း တစ်ဇွန်းလောက်ထဲ့ပါ

ဆီပူလာတာနဲ့မုန့်နှစ်ရည်ကို ယောက်ချိုဇွန်းနဲ့ခတ်ပြီး အိုးထဲကိုလောင်းထဲ့ပေးပါ မုန့်နှစ်ရည်ကိုထဲ့ပြီးတာနဲ့ အိုးကိုဝှေ့ပြီးဖျန့်ပေးပါ မုန့်သားပြန့်သွားတာနဲ့ အသီးအရွက်များကို ဖြန့်ပြီးထဲ့ပေးပြီး အိုးအဖုံးအုပ်ထားပေးပါ

မုန့်သားအောက်ချေ ကျွတ်လာပါက အိုးအဖုံးဖွင့်ပြီး မုန့်သားကို မဆလာဖြူးပြီး ဆီဖတ်နဲနဲရိုက်ပေးပါ မုန့်သားကျွတ်ရွလာတာနဲ့ အသီးအရွက်များကို ခေါက်ပြီးအုပ်ပေးပြီးတာနဲ့ ပူပူလူလူလေး စားသုံးနိုင်ဖို့ လမ်းသရဲမုန့်လေး ရပါပြီ။

Sunday, 16 November 2014

ငါးဖယ်သုပ် ချဉ်ငံစပ်



မနေ့က ကြော်ထားတဲ့ ငါးဖယ်ငါးဆုတ်ကြော်လေးကို ဒီနေ့တော့ ထမင်းပူပူလေးနဲ့စားရအောင် ရှူးရှဲအသုပ်လေး သုပ်စားကြပါတယ် ရေနွေးကြမ်းပူပူလေး မှုတ်ပြီးသောက်လိုက် အသုပ်ချဉ်ငံစပ်လေးစားလိုက် ထမင်းပူပူလေးလွေးလိုက်နဲ့ အကုန်အကျ သက်သက်သာသာနဲ့ ထမင်းတနပ်ကို စိတ်ကျေနပ်စွာနဲ့ ပြီးစေခဲ့ပါတယ်။

ငါးဖယ်ငါးဆုတ်အတု ကြော်နည်းလေးကတော့ မနေ့ကပြောခဲ့ပြီးပြီမို့ ဒီနေ့တော့ စားမြိန်ဖွယ်ရာ အသုပ် သုပ်နည်းလေးကို ပြောပါမယ်။

ပါဝင်တာလေးတွေကတော့

  • ကြော်ပြီး ခပ်ထူထူ ညှပ်ထားသော ငါးဖယ်ငါးဆုတ် - ၅ခု
  • ပါးပါးလှီးပြီး ရေဆေးထားသော ဂေါ်ဖီ - ဟင်းပြင်ပန်းကန်အသေး တစ်လုံးစာ
  • ပါးပါးလှီးပြီး ရေဆေးထားသော ကြက်သွန်နီ - လက်ဖက်ရည်အကြမ်းပန်းကန် တစ်လုံးစာ
  • ပါးပါးလှီးပြီး ရေဆေးထားသော မုံလာဥနီ - လက်ဖက်ရည်အကြမ်းပန်းကန် တစ်လုံးစာ
  • ပဲအကျက်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်းမောက်မောက်
  • ငရုတ်သီး အလှော်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းမောက်မောက်
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  • ပါးပါးလှီးထားသော ခရမ်းချဉ်သီး - အနေတော်
  • ကြက်သွန်ဖြူဆီချက် - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
  • သံပုရာသီး - တစိတ်
  • ငံပြာရည် - ထမင်းစားဇွန်း တစ်ဝက်သာသာ
  • နံနံပင် - နှစ်သက်သလောက်ထဲ့ပါ (မရှိလို့ မထဲ့ထား )
  • ငရုတ်သီးစိမ်း - နှစ်သက်သလောက်


ငါးဖယ်ငါးဆုတ် သုပ်စားဖို့ အဆင်သင့်ပြင်ထားပေးပါ


တပွဲစာ လိုအပ်တာများထဲ့ပြီး နယ်ပေးပါ


အားလုံးရောနယ်ပြီး ချဉ်ငံစပ် ငါးဖယ်ငါးဆုတ် အသုပ်စုံလေးကို သုံးဆောင်နိုင်ပါပြီ။

Saturday, 15 November 2014

ဆီထမင်း အိအိလေး



မာမာ အကြိုက်ဆုံးအစာတခုပါ မာမာတို့ငယ်ငယ်က အိမ်မှာ မိသားစုဝင်တွေ များပါတယ် မောင်နှစ်မတွေအပြင် အဖေဘက် အမေဘက်က အမျိုးတွေလဲ အိမ်မှာနေကြတာမို့ ဆီထမင်းတခါထိုးရင် ၂ပြည်လောက်ထိုးရပါတယ် ။

အမေက ဒီနေ့ဆီထမင်းထိုးစားကြမယ်လို့ ပြောလိုက်တာနဲ့ ရှေ့ဆုံးက ပန်းကန်ကိုင်ပြီး စောင့်နေသူက မာမာပါဘဲ အမေ့အနားကပ်ပြီး ဆီထမင်းဂျိုး ရအောင်ကပ်ပြီးတောင်းတာကလဲ မာမာပါဘဲ။

အခုတော့ အဝေးဆုံးကို နုတ်မဆက်ဘဲ ထွက်သွားတဲ့ အမေ့ကိုလဲလွမ်းတယ် တယောက်တပေါက်နဲ့ဆူလကျွက် မန်လကျွက်နဲ့ စကားတွေလုလုပြောရတဲ့ မောင်နှစ်မတွေကိုလဲ လွမ်းနေမိတယ်။

အလွမ်းပြေစားရတော့မဲ့ ဆီထမင်းလေးပေါ့နော်။

ပါဝင်ပစ္စည်းလေးတွေ ပြင်ကြရအောင်

  • ကောက်ညှင်းဆန် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၂ဗူး
  • ရေ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၃ဗူး
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  • ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  • အခွံခွာပြီး ရေဆေးကာ လေးစိတ် စိတ်ထားသော အနေတော် ကြက်သွန်နီ - တစ်ဥ
  • ဆီ - ထမင်းစားဇွန်း ၅ဇွန်း
  • ကြက်သွန်နီဆီချက်
  • အုန်းသီးမှုန့်
  • ငါးခြောက်
  • နှမ်းလှော်ဆားထောင်း
ဆီထမင်း ထိုးနည်းလေး ပြောပါမယ်
  • ပထမဆုံး ကောက်ညှင်းဆန်ကို ရေဆေးပြီး ရေစစ်ထားပါ
  • ဆီကိုအပူပေးပြီး နနွင်းမှုန့်ထဲ့ကာ ကောက်ညှင်းဆန်ကိုဆန်သားကြည်လာတဲ့ထိ ကြော်ပေးပါ
  • ဆန်သားကြည်လာတာနဲ့ ရေ ဆား အရသာမှုန့် ကြက်သွန်နီတို့ထဲပြီးမွှေပေးပါ
  • ပြီးတာနဲ့ရေထဲ့ပြီး အဖုံးအုပ်ထားပေးပါ
  • အောက်ချေမကပ်သော အိုးနှင့်ထိုးပါက ရေခမ်းလာရင် ဆီထမင်းဂျိုးရအောင် မီးမျှင်းမျှင်းနဲ့ထားပေးပါ
  • ဆီထမင်းဂျိုးရလာပါက ငါးခြောက် နှမ်းလှော်ထောင်း ကြက်သွှန်နီဆီချက် အုန်းသီးမှုန့်တို့နဲ့ တွဲဖက်ပြီး စားနိုင်ပါပြီ။

ငါးဖယ် အစာသွပ်



ဒီနေ့တော့ ငါးဖယ်အစာသွပ်လေး လုပ်စားဖြစ်ပါတယ် နေ့လည်နေ့ခင်း အစာပြေလေးပေါ့နော် ငါးဖယ်လို့ပြောပေမဲ့ ငါးဖယ်အစစ်တော့မဟုတ်ပါဘူး မာမာတို့နေတဲ့နိုင်ငံမှာ ငါးဖယ်အစစ်မရပါဘူးရှင် ဒါပေမဲ့ ငါးဖယ်အစစ်နီးနီးရအောင် ဘလန်ဒါနဲ့ တမိနစ်ကြိတ်လိုက် တခါနားလိုက်ကို ၅မိနစ် ၅ခါကြိတ်လိုက်တာပါ ဘလန်ဒါ အဆင်သင့်မရှိရင်လဲ ငါးကိုနုတ်နုတ်စဉ်းပြီး ငရုတ်ဆုံထဲမှာ စေးပိုင်လာတဲ့အထိ ထောင်းပေးပါ ဒါမှမဟုတ် စတီးဇလုံ ကျယ်ကျယ်ထဲမှာ အချက် ၁၀၀၀ လောက်ပေါက်ပေးပါ ငါးအသားလေးလဲ စေးထန်းလာသလို သင့်ရဲ့လက်မောင်းလေးလဲ လှလာပါလိမ့်မယ် :-D

ငါးဖယ်အစာသွပ်ဖို့ လိုတာလေးတွေပြောပါမယ်

  • ဘာဆာငါး - 200g
  • ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  • နနွင်းမှုန့်. - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  • အခွံခွာထားသော ချင်း - အနေတော်
  • ကြက်သွန်ဖြူ - အမွှာကြီးကြီး ၄မွှာ
  • ပြောင်းဖူးမှုန့် - ထမင်းစားဇွန်း တစ်ဇွန်းခွဲမောက်မောက်
  • ဆီ - လက်ဖက်ရည်အကြမ်းပန်းကန် တစ်လုံးခွဲ
ကြော်ဖို့ပြင်ပါမယ်
  • ဘာဆာငါးကို ဆား နနွင်းမှုန့် အရသာမှုန့် ချင်း ကြက်သွန်ဖြူ ပြောင်းဖူးမှုန့်တို့နှင့်ရောပြီး ကြိတ်ပေးပါ
  • အစာသွပ်ဖို့ အဆင်ပြေစေရန် ရှည်ရှည်လေးတွေ ဆုတ်လုံးပေးပါ
  • ငါးကို ဆုတ်လုံးနေစဉ် လက်မှာမကပ်စေရန် လက်ကို ရေစွတ်စွတ်ပြီး ဆုတ်လုံးပေးပါ
  • အဆင်သင့် ဖြစ်ပြီဆိုတာနဲ့ ဆီကိုအပူပေးလိုက်ပါ  
  • ဆီပူလာတာနဲ့မီးကိုနဲနဲလျှော့ပြီးမှ ငါးဆုတ်ကို တလုံးချင်း ထဲ့ကြော်ပေးပါ
  • အကျက်ညီစေရန် မကြာမကြာမွှေပေးပါ
  • ကြော်နေစဉ် ငါးဆုတ်က ပွဖောင်းဖောင်းလေးဖြစ်လာတတ်တဲ့အတွက် တခါထဲ အများကြီး ထဲ့မကြော်မိဖို့ သတိထားပါ
  • ငါးဆုတ်တခုလုံး ရွှေဝါရောင်သန်းလာပြီဆိုတာနဲ့ ဆယ်ပြီးဆီစစ်ပေးပါ
  • ငါးဆုတ်ကြော် အေးသွားပါ အလယ်တဲ့တဲ့မှ အပေါက်ကလေးရအောင် ကပ်ကြေးနဲ့ညှပ်ပေးပါ
  • ထိုအပေါက်လေးထဲသို့ ပြင်ထားသောအစာများကို လိုသလောက်ထဲ့ပြီး စားသုံးနိုင်ပါပြီ။
အစာသွပ်ရန်အတွက် လိုတာလေးတွေ ပြင်ပါမယ်
  • ပါးပါးရိတ်ရိတ်လှီးပြီး ရေစင်အောင်ဆေးထားသော ဂေါ်ဖီ
  • ပါးပါးလှီးထားသော မုံလာဥနီ
  • မညက်တညက် ထောင်းထားသော မြေပဲလှော်
  • မညက်တညက်ထောင်းပြီး ကြော်ထားသောကြက်သွန်ဖြူဆီချက်
  • လှော်ထားသော နှမ်းစေ့
  • မကျည်းမှည့်အချဉ် ( သို့) သံပုရာရည်
  • ငံပြာရည်
  • အရသာမှုန့်
  • ပါးပါးလှီးထားသော ငရုတ်သီးစိမ်း
ဘာဆာငါး


ဘလန်ဒါနဲ့ကြိတ်ပြီး လက်ကိုရေစွတ်ပြီး ဆုတ်လုံးပေးပါ


ဇောက်နက်သော အိုးထဲဆီထဲ့ပြီးကြော်ပေးပါ



ရွှေဝါရောင်သန်းလာပါက ဆယ်ပြီဆီစစ်ပေးပါ

Thursday, 13 November 2014

ကြက်ရင်ပုံသားကင် မွှေးမွှေးလေး



သံလွင်ဆီမွှေးမွှေးလေးနဲ့ကင်ထားတဲ့ ကြက်ရင်ပုံသားကင်လေးပါ ဟင်းချက်စရာတွေ စဉ်းစားရတဲ့ တနေ့တာအတွက် ဒီနေ့တော့ ညထဲက အရသာနယ်ပြီးနှပ်ထားတဲ့ ကြက်ရင်ပုံသားလေးကို Grill Panလေးနဲ့ ကင်လိုက်ပါတယ်။

မကင်ခင် အသားကို Garlic Powder, Ginger Ground ဆား နနွင်းမှုန့် အရသာမှုန့် ငရုတ်ကောင်းမှုန့်တို့နဲ့အရသာဝင်အောင် ဆုတ်ဆုတ်နယ်ပေးပြီး ရေခဲသေတ္တာ အောက်ထပ်ထဲမှာ တညအိပ်ထားပြီးမှ ကင်ထားတာလေးပါ။

ရေခဲသေတ္တာမရှိလို့ အဆင်မပြေရင်လဲ နာရီဝက်လောက်နှပ်ပြီးကင်ရင်ရသလို Garlic Powder ,Ginger Ground တို့ အဆင်သင့်မရှိရင်လဲ လတ်လတ်ဆတ်ဆတ် ချင်းနဲ့ကြက်သွန်ဖြူတို့ကိုထောင်းပြီး အရသာ နယ်လို့ရပါတယ်။

ကြက်သားကင်ဖို့လိုအပ်တာလေးတွေ ပြင်ပါမယ်

  • ရေစင်အောင်ဆေးထားသော ကြက်ရင်ပုံသား - 200g
  • ဆား - လက်ဖက်ရည်ဇွန်း တ၀က်
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  • Garlic Powder - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
  • Ginger Ground - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
  • သံလွင်ဆီ - ထမင်းစားဇွန်း ၃ဇွန်း
ကင်ဖို့ပြင်ပါမယ်
  • ကြက်ရင်ပုံသားကို ဆား နနွင်း အရသာမှုန့်Garlic Powder,Ginger Groundတို့နဲ့နယ်ပြီး နှပ်ထားပေးပါ
  • Grill Pan ကို အပူပေးပြီး သံလွင်ဆီ ထမင်းစားဇွန်း၂ဇွန်းလောက်ထဲ့ပေးပါ
  • အရသာနယ်ထားသောကြက်သားကို သံလွင်ဆီနှင့်နှံ့အောင်သုတ်ထားပေးပါ
  • ဆီပူလာတာနဲ့ မီးကိုအနေတော်သို့ လျှော့ပေးပြီး ကြက်သားကိုကင်ပေးပါ
  • ကင်နေစဉ် အသားမကျွမ်းရအောင် ခနခနလှန်ပေးပြီး ဆီသုတ်သုတ်ပေးပါ
  • တစ်တုံးလုံး နီရဲလာပါက ကြက်သားကို အိုးထဲမှဆယ်ယူလိုက်ပါ
  • အိုးထဲမှာ ကျန်နေသောဆီနှင့် နှစ်သက်ရာ အသီးအရွက်တို့ကို ကင်ကာ ကြက်ကင်နှင့် တွဲဖက်စားသုံးနိုင်ပါတယ်။

ပုဇွန်အချိုကြော်



ဒီနေ့ကြော်ဖြစ်တဲ့ ပုဇွန်အချိုကြော်လေးပါ ရေငံပုဇွန်တို့ရဲ့ထုံးစံအတိုင်း ပုဇွန်အနံ့က ရေချိုပုဇွန်တို့ထက် အနံ့နဲနဲပိုရပါတယ် အဲဒီအနံ့ကို ပျောက်အောင်လို့ ငံပြာရည်နဲ့ကြက်သွန်ဖြူ ကူမှရပါတယ် မကြော်ခင် ပုဇွန်ကို အခွံခွာ ကြောမှခွဲပြီး အမဲကြောင်းထုတ် သန့်ရှင်းအောင် အရင်ဆုံးလုပ်ပေးရပါတယ်။

ပြီးမှ ကင်းမွန်ငံပြာရည်ကို အဓိထားပြီးထဲ့ကာ အရသာတွေနဲ့နယ်ပြီး ဆယ်မိနစ်လောက် နှပ်ထားပြီးမှကြော်ပေးတာ အကောင်းဆုံးပါ အဲဒါမှရေငံပုဇွန်ရဲ့ အနံ့ပျောက်နိုင်ပါတယ်။

ပါဝင်ရမှာလေးတွေ ပြောပါမယ်

  • ပုဇွန်ထုတ် - 300g
  • ကင်းမွန်ငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  • ပါးပါးလှီးထားသော ကြက်သွန်နီ - အနေတော် တစ်လုံး
  • ဓါးပြားရိုက်ထားသော ကြက်သွန်ဖြူ - အမွှာကြီးကြီး ၃မွှာ
  • ဆီ - လက်ဖက်ရည်အကြမ်းပန်းကန်လုံး တစ်ဝက်သာသာ
ကြော်ဖို့ပြင်ပါမယ်
  • ပုဇွန်ကို မလိုသော အရာများဖယ်ပြီး သန့်စင်ထားပေးပါ
  • သန့်စင်ထားသောပုဇွန်ကို နနွင်း အရသာမှုန့် ငံပြာရည်တို့နဲ့နယ်ပြီး အရသာဝင်အောင်နှပ်ထားပေးပါ
  • လိုအပ်တာတွေပြင်ပြီးပါက ဆီကိုအပူပေးပါ
  • ဆီပူလာပါက ကြက်သွန်ဖြူကို အနည်းငယ်ညိုလာတဲ့အထိ ကြော်ပေးပါ
  • ကြက်သွန်ဖြူ ညိုလာတာနဲ့ ကြက်သွန်နီကိုပျော့သွားတဲ့ထိကြော်ပေးပါ
  • ကြက်သွန်ဖြူပျော့သွားတာနဲ့ပုဇွန်အရသာနယ်ကို ၄မိနစ်လောက်ထည့်ကြော်ပေးပါ
  • ပုဇွန်ကျက်ပြီဆိုတာနဲ့ အရသာမြည်းပြီး လိုသလိုပြင်ကာ မီးပိတ်ပေးနိုင်ပါပြီ။

အာလူးပြုပ်ကြော် မွှေးမွှေးလေး



ဒီနေ့တော့ သမီးအတွက် အာလူးပြုပ်ကြော်လေး ကြော်ဖြစ်ပါတယ် အသားမပါတဲ့ဟင်း တနေ့တမျိုး မရိုးရအောင် ဟင်းလေးတမယ်တော့ ရအောင်စီမံပေးရတဲ့ အမေ့မေတ္တာ အာလူးပြုပ်ကြော်လေးပါ။

အာလူးကြော်လို့ပိုတဲ့ ဆီမွှေးမွှေးလေးနဲ့ ထမင်းပူပူကို ဆားလေးဖြူးပြီး နယ်ပေးလိုက်ရင် ကလေးလူကြီး နှစ်သက်လိမ့်မယ်လို့ ထင်ပါတယ်။

လိုအပ်တာလေးတွေ ပြောပါမယ်

  • အနေတော် နူးအောင်ပြုပ်ထားသောအာလူး - 500g
  • ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်
  • ငရုတ်ကောင်းမှုန့်. - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
  • ဆီ - လက်ဖက်ရည်အကြမ်းပန်းကန်လုံး တလုံး
ကြော်နည်းလေး ပြောပါမယ်
  • အနေတော်နူးအောင်ပြုပ်ထားသော အာလူးကိုအခွံခွာပြီး ၈စိတ် စိတ်ပေးပါ
  • အာလူးကို မိုက်ခရိုဝေ့နဲ့ပြုပ်ပါက ၇မိနစ်လောက် ပြုပ်ပေးပါ
  • ဇလုံကျယ်ကျယ်တလုံးထဲ အာလူးများထည့်ပြီး ဆား အရသာမှုန့် နနွင်းမှုန့် ငရုတ်ကောင်းမှုန့်တို့ထည့်ပြီး ခပ်ဖွဖွနယ်ပေးပါ
  • ဆီကိုမီးအပူပေးပါ ဆီပူလာပါက မီးကိုနဲနဲလောက်လျှော့ပြီးမှ အာလူးအရသာနယ်ကို ထဲ့ပေးပါ
  • တဖက်ကျက်ပါက နောက်တဖက်လှန်ပေးပြီး အားလုံးရွှေဝါရောင်သန်းပါက ဆယ်ပြီးဆီစစ်ပေးပါ
  • ပိုနေသောဆီနဲ့ထမင်းဆီဆမ်းနယ်ပြီး အာလူးကြော်လေးနဲ့ တွဲဖက်သုံးဆောင်ရန် အဆင်သင့်ရပါပြီ။

Wednesday, 12 November 2014

ပဲပြုပ် အိအိလေး ( ပထမနည်း )



၂ရက်ခြားတခါ မာမာတို့အိမ်မှာ ပဲပြုပ်ပြုပ်ရပါတယ် မနက်စောစောစာ ထမင်းကြော်တတ်သလို ရံဖန်ရံခါ နံပြား ပလာတာ အီကြာကွေးတို့နဲ့လဲစားတတ်ကြပါတယ် တခါတရံတော့ ပဲပြုပ်နဲ့မျှစ်ကိုကြော်တတ်သလို ဆီစိမ်းဆမ်းပြီး ထမင်းပူပူလေးနဲ့လဲ နယ်စားတတ်ကြပါတယ်။

မာမာ့သမီးလေးကတော့ ပဲပြုပ်ကို ဒီအတိုင်းစားတာကိုလဲ နှစ်သက်ပါတယ် ပြုပ်ပြီးကာစ ပူပူနွေးနွေးလေးကို ပန်းကန်လေးထဲထဲ့ပြီး စားရတာကိုလဲသူနှစ်သက်ပါတယ် ဒါကြောင့်မို့လဲ ပဲကို ရေစိမ်ပြီးအပင်ဖောက်ရတာ မာမာ့အတွက် နေ့စဉ်အလုပ်တခု ရနေသလိုပါဘဲ။

ပဲပြုပ်ကအပင်ဖောက်ပြီးပြုပ်မှ ချိုတာမို့ မာမာတော့ အပင်ဖောက်ရက် ၃ရက်လောက်ရမှ ပဲကိုပြုပ်တတ်ပါတယ် ပြုပ်ရတာလဲလွယ်သလို ပဲသားအိအိလေးလဲရပါတယ် ပဲပြုပ်တဲ့အခါ အိုးကိုဖွင့်မကြည့်ရသလို မွှေပေးစရာလဲ မလိုပါဘူး ခနခန အိုးအဖုန်းဖွင့်ပြီးကြည့်တဲ့အခါ မွှေပေးအခါတွေမှာ ပဲက အခွံတွေကျွတ်ထွက်ကုန်ပြီး မလှတော့ပါဘူးဖြစ်သွားတတ်ပါတယ်။

မာမာပြုပ်နည်းလေးပြောပါမယ်

  • ၁၀နာရီလောက်ေ ရမြုပ်အောင်ထဲ့ပြီး ရေ၀အောင်စိမ်ထားသော ပဲ 375 g
  • ရေ၀ပြီး ပဲများပွလာပြီဆိုတာနဲ့ ဘေးပါတ်ပါတ်လည်နဲ့အောက်ခြေအပေါက်ပါသော ဇကာလုံးလုံးလေးထဲ သွန်ချပေးပါ
  • လက်သုပ်ပုဝါ သန့်သန့်ထူထူကိုေ ရဆွတ်ပြီး ပဲပေါ်မှာ အုပ်ပေးထားပါ
  • တနေ့၃ခါလောက် လက်သုပ်ပုဝါကို ရေဆွတ်ပေးပြီး ပဲအပေါ်ပြန်ပြန်အုပ်ပေးပါ
  • ၃ရက်မြောက်နေ့မှာ ပဲအမြှစ်လေးများ ထွက်လာပါလိမ့်မယ်
  • အောက်ခြေထူသော အိုးထဲသို့ပဲကိုပြောင်းပြီးထဲ့ပေးပါ
  • ရေကိုပဲအထက် လက်တစ်ဆစ်မြုပ်အောင်ထဲ့ပေးပါ
  • ထန်းလျှက်ခဲ ကွမ်းသီးဆံအလုံးသာသာလောက် တခဲထဲ့ပြီး အိုးအဖုံးအုပ်ကာပြုပ်ပေးပါ
  • ရေခမ်းကာနီးပါက မီးကို နံပါတ်တစ်လောက်ထိ လျှော့ချပြီး ပဲကို မီးအေးအေးနဲ့နှပ်ပေးပါ
  • ရေခမ်းပြီး ပဲများနပ်လောက်ချိန်မှာ အထက်အောက် အိုးကိုခလောက်ပြီးပဲကိုလှန်ပေးကာ မီးပိတ်ပြီး မီးဖိုပေါ်မှာ လက်ကျန်အပူရှိန်နဲ့နှပ်ထားပေးပါ။
  • ပဲနပ်သွားပြီဆိုပါက နှစ်သက်သလို စားသုံးနိုင်ပါပြီ။


ပဲပြုပ်သောပဲ

Dried pea ကို ရေစိမ်ပြီးရေ၀တဲ့အခါ ရေစစ်ပြီး အ၀တ်ရေစိုနှင့်အုပ်ထားပေးပါ


၃ရက်မြောက်နေ့မှာ အမြှစ်လေးတွေထွက်လာတာ ရှည်လာပြီဆိုတာနဲ့ ပြုပ်ဖို့ပြင်ပါမယ်


ထန်းလျှက်ခဲ ရေတို့ထဲ့ပြီး အဖုံးအုပ်ကာ တည်ပေးပါ


ရေခမ်းပြီး ပဲနပ်ပြီဆိုတာနဲ့ စားသုံးနိုင်ပါပြီ

ကြက်ဥချဉ်ရည်ဟင်း မွှေးမွှေးလေး



စားမြိန်ထမင်းဝိုင်းလေးအတွက် ဘဲဥချဉ်ရည်ဟင်းလေးပါ ငါးပိတို့စရာအစုံနဲ့ထမင်းပွဲ တည်လိုက်လို့ကတော့ ချက်မလောက်ဖြစ်မှာ သေချာပါတယ်ရှင်။

ဘဲဥချဉ်ရည်ဟင်း ချက်နည်းလေးကိုမာမာ ပြောပြပါမယ် ဘဲဥချဉ်ဟင်းရဲ့အရသာကို ပေါ်လွင်စေမဲ့ ဆီသတ်နည်းလေးကိုတော့ ဘယ်အချိန်ချက်ချက် မှတ်ထားသင့်တယ်လို့လဲ ထင်မိပါတယ်။

ပါဝင်သော ပစ္စည်းများ

  • ပြုပ်ပြီးအခွံခွာကာ ပါတ်ပါတ်လည်မွှန်းထားသောဘဲဥ( သို့)ကြက်ဥ - ၈လုံး
  • အခွံခွာပြီး ရှစ်စိတ်စိတ်ကာရေဆေးထားသောအာလူး - အနေတော် ၁၀လုံး
  • ညက်နေအောင်ထောင်းထားသော ကြက်သွန်နီ - အနေတော် တဥ
  • ညက်နေအောင်ထောင်းထားသော ကြက်သွန်ဖြူ - အမွှာကြီးကြီး၃မွှာ
  • ညက်နေအောင်ထောင်းထားသော ချင်း - လက်တဆစ်
  • ရေစိမ်ထားသော မကျီးသီးမှည့် - အနေတော်
  • မဆလာ - အနေတော်
  • ငါးငံပြာရည် - ထမင်းစားဇွန်း ၂ဇွန်း
  • ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  • ငရုတ်သီးအရောင်တင်မှုန့်. - လက်ဖက်ရည်ဇွန်းတစ်ဇွန်း
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်းတစ်ဇွန်း
  • ဆီ - ထမင်းစားဇွန်း ၅ဇွန်း
ချက်နည်းလေးကိုပြောပါမယ်
  • ဆီကိုနနွင်းမှုန့်ထဲ့ကာအပူပေးပါ
  • ဆီပူလာပါက ထောင်းထားသော ကြက်သွန်နီ ကြက်သွန်ဖြူ ချင်း ငရုတ်သီးမှုန့်တို့ထဲ့ကာ မွှေးလာတဲ့ထိဆီသတ်ပေးပါ
  • ငရုတ်သီးနံ့မွှေးလာတာနဲ့အာလူးကိုထဲ့ပြီးငါးငံပြာရည်တခါထဲထဲ့ပြီး ဆီသတ်ပေးပါ
  • ငံပြာရည်နံ့သင်းလာပြီး အာလူးအရောင်ပြောင်းလာတာနဲ့ရေမြုပ်အောင်ထဲ့ပြီး အရသာမှုန့်နှင့် ဆားထဲ့ကာ အာလူးနူးအောင်တည်ပေးပါ
  • အာလူးနူးလာတာနဲ့ဘဲဥနဲ့မကျီးသီးမှည့်အရည်ထဲ့ကာ ဆီကျန်ရေကျန်ထားပြီး မဆလာအုပ်ကာ မီးပိတ်ပေးနိုင်ပါပြီ။
ဒီဟင်းလေးက မာမာ့သားကြီးချက်တဲ့ဟင်းလေးပါ သူချက်ထားတာလေး စားချင်စရာအရမ်းကောင်းလို့ သူ့ဟင်းပုံလေးကို ယူသုံးထားတာပါ။

ဖက်ထုတ်ကြော် ကြွတ်ကြွတ်မွမွလေး


ဒီနေ့အတွက် ဖက်ထုတ်ကြော်လေးပါ အသားမပါဘဲ အသီးအရွက်တွေနဲ့ဘဲ သတ်သတ်လွတ်ကြော်ထားမို့ သားသားလွတ် စားသုံးသူတွေအတွက် ရှယ်ကြော်လေးပါ။

ပူပူနွေးနွေး ကြွတ်ကြွတ်ရွရွလေး စားချင်သူတွေအတွက် ဖက်ထုတ်လုပ်နည်းလေး မာမာမျှဝေပေးပါမယ်
အားလပ်တဲ့အချိန်လေးမှာ ကြော်စားကြည့်နိုင်ပါတယ်။
ပါဝင်ပစ္စည်းများ

  • အနေတော်လှီးထားသော တရုတ်မုန့်ညှင်း - တရုတ်ဟင်းပြင်ပန်းကန် တလုံးမောက်မောက်
  • လက်တဆစ်ခန့်အနေ လှီးထားသောကြက်သွန်မိတ် - တရုတ်ဟင်းပြင်ပန်းကန် တလုံးမောက်မောက်
  • တလက်မလောက်အနေ အရှည်မြှောင်းလေးတွေလှီးထားသော မုံလာဥနီ - တရုတ်ဟင်းပြင်ပန်းကန် တလုံးမောက်မောက်
  • ခပ်ထူထူလှီးထားသောမှို - တရုတ်ဟင်းပြင်ပန်းကန် တလုံးစာ
  • ခပ်ကြမ်းကြမ်းလှီးထားသော ဂေါ်ဖီ - တရုတ်ဟင်းပြင်ပန်းကန် တလုံးမောက်မောက်
  • ခပ်ထူထူလှီးထားသော တရုတ်နံနံ - လက်ဖက်ရည်အကြမ်းပန်းကန် တလုံးမောက်မောက်
  • ခပ်နုတ်နုတ်လှီးထားသော ကြက်သွန်နီ - တရုတ်ဟင်းပြင်ပန်းကန် တလုံးစာ
  • ဓါးပြားရိုက်ထားသော ကြက်သွန်ဖြူ - ၄မွှာ
  • ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ဆား - လက်ဖက်ရည်ဇွန်း တဇွန်း
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း
  • ပဲငံပြာရည်အနောက် - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
  • နှမ်းဆီ - လက်ဖက်ရည်ဇွန် တ၀က်
  • ဆီ - ထမင်းစားဇွန်း လေးဇွန်း
ကြော်ဖို့ပြင်ပါမယ်
  • ဆီ ထမင်းစားဇွန်း လေးဇွန်းကိုအပူပေးပါ
  • ဆီပူလာတာနဲ့ကြက်သွန်ဖြူကို ညိုသွားတဲ့ထိကြော်လိုက်ပါ
  • ပြီးတာနဲ့ ကြက်သွန်နီကို မိနစ်ဝက်လောက်ထဲ့ကြော်ပါ
  • မှိုကိုထဲ့ပြီး မိနစ်ဝက်လောက်ကြော်ပေးပါ
  • မုံလာဥနီ တရုတ်မုန့်ညှင်းဂေါ်ဖီ ဆား အရသာမှုန့် ပဲငံပြာရည် ငရုတ်ကောင်းမှုန့်တို့ကိုထဲ့ပြီး မိနစ်ဝက်လောက်ကြော်ပေးပါ
  • နောက်ဆုံမှနှမ်းဆီ တရုတ်နံနံ ကြက်သွန်မိတ်တို့ကိုထဲ့ပြီး မိနစ်ဝက်လောက်ကြော်ပြီး မီးပိတ်ပေးပါ
  • အသီးအရွက်ကြော်စဉ် ထွက်လာသောအရည်များကို အိုးကိုစောင်းပြီးစစ်ကာ အအေးခံပေးပါ
  • Wonton ရွက်ကို ခင်းပြီး အသီးအရွက်ကြော်ကို လက်ဖက်ရည်ဇွန်းတဇွန်းမောက်မောက်ထဲ့ပုံပေးပါ
  • ထောင့်ချွန်းခေါက်ပြီး အနားနှစ်ဖက်ကို ရေစွတ်ပြီးကပ်ကာ ဘေးအနားသားများကိ တွန့်ပြီးခေါက်ပေးပါ
  • အားလုံးပြီးတာနဲ့နာရီဝက်လောက် လေသလပ်ခံပြီးထားပေးပါ
  • ဆီ လက်ဖက်ရည်ပန်းကန်လုံး ၂လုံးလောက်ကို အပူပေးပါ
  • ဆီပူတာနဲ့မီးကိုအနေတော်လျော့ပြီးမှ ဖက်ထုတ်လေးများကို ကြော်ပေးပါ
  • တဖက်ကျက်ပါက တဖက်ကိုလှန်ပေးပြီးနှစ်ဖက်လုံး ရွှေဝါရောင်သန်းပါက ဆယ်ပြီးဆီစစ်ပေးပါ
  • ဆီစစ်ပြီးပါက နှစ်သက်ရာအချဉ်တို့နဲ့စားသုံးနိုင်ပါပြီ။


အအေးခံထားသော အသီးအရွက်ကြော်

Wonton ရွက်ပေါ် အစာတင်ပြီးထုတ်ပေးပါ

ဖက်ထုတ် အထုတ်လေးများ


ဆီမှာကြော်ပြီး ရွှေဝါရောင်သန်းလာရင် ဆယ်ပြီးဆီစစ်ပေးပါ ဆီစစ်သွားပါက စားသုံးနိုင်ပါပြီ

အာလူး သီးအရွက်စုံအကြော်



သတ်သတ်လွတ်စားသူတွေအတွက် စားလို့ကောင်းတဲ့အကြော်လေးပါ မာမာ့သမီးလေးက အသားတွေ သိပ်စားလေ့စားထမရှိပါဘူး ကျန်းမာရေးကြောင့် အသားကိုချက်ကျွေးရင်လဲ သားကြီးငါးကြီးဆို မစားတော့ သူ့အတွက် သတ်သတ်လွတ်ဟင်းလေးတွေ ကြံဖန်ပြီး ကြော်လှော်ပေးရတာပေါ့နော် အမေ့မေတ္တာ သံစဉ်ချိုချို ဟင်းလေးတွေပေါ့။

ဒီနေ့ကြော်မဲ့အကြော်လေးက အကြော်မှုန့် တန်ပူရာမှုန့်လုံးဝသုံးမထားဘဲ ပဲအစိမ်းမှုန့်တမျိုးထဲနဲ့ ကြော်ထားတာပါ မွမွမွှေးမွှေးနဲ့ အရသာတမျိုးလေးပေါ့။

ကြော်ဖို့လိုအပ်တာလေးတွေပြင်ပါမယ်

  • အနေတော်လှီးထားသော ဂေါ်ဖီ - ဟင်းပြင်ပန်းကန်အသေး တစ်လုံးစာ
  • အနေတော်လှီးထားသော အာလူး - ဟင်းပြင်ပန်းကန်အသေး တစ်လုံးစာ
  • အနေတော်လှီးထားသော ဂေါ်ရခါးသီး - ဟင်းပြင်ပန်းကန် တစ်လုံးစာ
  • မထူမပါးလှီးထားသော ကြက်သွန်နီ - ဟင်းပြင်ပန်းကန်အသေး တစ်လုံးစာ
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
  • ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  • ပဲအစိမ်းမှုန့် - ထမင်းစားဇွန်း မောက်မောက် လေးဇွန်း
  • ဆီ - လက်ဖက်ရည်အကြမ်းပန်းကန် ၃လုံး
ကြော်ဖို့ပြင်ပါမယ်
  • အသီးအရွက်များကို အခွံခွာပြီးလှီးကာ ရေစင်အောင်ဆေးပြီး ရေစစ်ထားပါ
  • လိုအပ်တာတွေအားလုံးကို ဇလုံကျယ်ကျယ်တလုံးထဲထည့်ကာ အားလုံးသမအောင်နယ်ပေးပါ
  • ဆီကိုအပူပေးပြီး ဆီပူလာပါကမီးကို အနေတော်သို့လျှော့လိုက်ပါ
  • ဆီပူခံမဲ့ပန်းကန်ပြားတချပ်ထဲမှာ အရသာစပ်ထားသော အသီးအရွက်များကို အနေတော်ယူပြီး ဖျန့်ပေးပါ
  • ဖျန့်ပြီးတာနဲ့ ဆီအိုးထဲအသာလေးတွန်းချပြီးထဲ့ပေးပါ
  • တဖက်ကျက်ပါက တဖက်ကိုလှန်ပေးပြီး နှစ်ဖက်လုံးကျက်ပါက ဆယ်ပြီးဆီစစ်ပေးပါ
  • ဆီစစ်သွားပါက သတ်သတ်လွတ် အကြော်လေးတစ်မယ်ရပါပြီ။

လိုအပ်သော အသီးအရွက်များ

အားလုံးကိုရေစင်အောင်ဆေးပြီး ရေစစ်အောင်ပြင်ဆင်ထားပါ

လိုအပ်သောပစ္စည်းများ ဇလုံကျယ်ကျယ်မှာထဲ့ပြီး သမအောင်နယ်ပေးပါ

အားလုံးနယ်ပြီးပါက ကြော်ရန်အဆင်သင့်ဖြစ်ပါပြီ

မုန့်ပိန္နဲစေ့ ချိုချိုလေး



အစားအသောက် မီးလိုတောက်တယ်လို့တော့ မထင်လိုက်ပါနဲ့နော် ထင်ကြမယ်ဆိုရင်လဲ စိတ်မဆိုးတတ်ပါဘူးလို့ အစားဆိုကိုယ်တိုင်လဲကြိုက် သူများကိုလဲ စားစေချင်သူကြီးမို့ပါ။

မုန့်နှစ်စပ်တာကတော့ မုန့်လုံးရေပေါ်အတွက် စပ်တဲ့နည်းအတိုင်းပါဘဲ ကောက်ညှင်းမှုန့်၃ဆ ဆန်မှုန့်တစ်ဆ ရေနဲ့ရောနယ်ပြီးစပ်လိုက်ရုံပါဘဲနော်။

လိုအပ်တာလေးတွေပြောပါမယ်

  • ကောက်ညှင်းမှုန့်  ၃ဆ - ထမင်းပေါင်းအိုးဆန်ချင်ဗူး ၃ဗူး
  • ဆန်မှုန့် ၁ဆ - ထမင်းပေါင်းအိုးဆန်ချင်ဗူး ၁ဗူး
  • ထန်းလျှက်ခဲ - 150g
  • အုန်းသီးမှုန့် - အနည်းငယ်
  • ရေ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး နှစ်ဗူးပြည့်ရန် လက်တဆစ်အလို
ပြင်ဆင်တာလေးတွေပြောပါမယ်
  • ကောက်ညှင်းမှုန့် ထမင်းပေါင်းအိုးဆန်ချင်ခွက်၃ဗူး ဆန်မှုန့် ထမင်းပေါင်းအိုးဆန်ချင်ဗူး ၁ဗူးကို ရေ ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၂ဗူးပြည့်ရန် လက်တစ်ဆစ်လောက်အလိုနဲ့ရေနည်းနည်းချင်းထဲ့ကာ ရောပြီး စေးပိုင်လာအောင်နှဲပေးပြီး ၂နာရီလောက် ရေစိုအ၀တ်အုပ်ကာနှပ်ထားပါ
  • ထန်းလျှက်ခဲကို ရေ လက်ဖက်ရည်အကြမ်းပန်းကန် နှစ်လုံးစာလောက်နဲ့ နဲနဲပြစ်လာတဲ့ထိကျိုပြီး အမှိုက်စလေးများမပါအောင် စစ်ထားလိုက်ပါ
  • မုန့်သားကို နဲနဲယူပြီး အရင်ဆုံး လက်နဲ့ဆုတ်ပေးပါ ပြီးမှလက်ဝါးနှစ်ဖက်နှင့် ပွတ်ပြီးလှိမ့်ပေးပါ
  • ရလာသောမုန့်သားရှည်ရှည်အတောင့်လေးကို လက်တစ်ဆစ်စာလေးများပိုင်းဖြတ်ပေးပါ
  • လက်တစ်ဆစ်စာ အပိုင်းလေးများကိုလက်ဝါး၂ဖက်နှင့်ပွတ်ပြီး အလုံးလေးများလုံးပေးပါ
  • အားလုံးပြီးသွားပါက ရေတစ်အိုးကို ပွက်ပွက်ဆူအောင်တည်ပါ
  • ရေဆူလာပါက မုန့်သားအလုံးများကို တလုံးချင်းရေဆူအိုးထဲ ထည့်ပေးပါ
  • ရေပေါ်ပေါ်လာသော မုန့်လုံးလေးများကို ရေအေးဇလုံထဲသို့ ဆယ်ပြီးထဲ့ပေးပါ
  • အေးသွားပါက ကျိုပြီးစစ်ထားသော ထန်းလျှက်ရည်ထဲသို့ ထဲ့ပေးပါ
  • စားလိုပါက အုန်းသီးမှုန့်ဖြူးပြီး စားနိုင်ပါပြီ။



Saturday, 8 November 2014

မုန့်လုံးရေပေါ် ချိုချိုလေး



အချိန်အခါမဟုတ်ပေမဲ့ စားချင်စိတ်လေးပေါ်လာတာနဲ့ မုန့်လုံးရေပေါ်လေး လုံးစားဖြစ်ပါတယ် မြန်မာ့လျာ မြန်မာ့ခံတွင်းဆိုတော့ ဘယ်အချိန်ဘဲဖြစ်ဖြစ် မြန်မာမုန့်လေးတွေကို တမ်းတမိတာတော့ အမှန်ပါ။

မနက်အိပ်ယာကနိုးတာနဲ့ ပဲပြုပ်ထမင်းကြော်လေး စားလိုက်ရရင်ကောင်းမလား ဆီထမင်း ရွှေထမင်းလေးများ စားလိုက်ရရင် ကောင်းမလားဆိုပြီး စိတ်ထဲမှာ အာသီသဖြစ်မိတာတော့ တကယ်ပါ ဒါကြောင့်မို့ ဒီနေ့တော့ မုန့်လုံးရေပေါ်လေးလုံးပြီး မြန်မာပြည် အလွမ်းပြေလေး စားကြတယ်ပေါ့နော်။

ပြင်ဆင်ရမှာလေးတွေ ပြောပါမယ်

  • ကောက်ညှင်းမှုန့် - ထမင်းပေါင်းအိုးဆန်ချင်ဗူး ၃ခွက်
  • ဆန်မှုန့် - ထမင်းပေါင်းအိုးဆန်ချင်ဗူး ၁ခွက်
  • ရေ - ထမင်းပေါင်းအိုးဆန်ချင်ဗူး ၂ဗူး
  • အုန်းသီးမှုန့် - အနည်းငယ်
  • ထန်းလျှက်ခဲ - အနည်းငယ်
  • ဆား - အနည်းငယ်
မုန့်လုံးဖို့အတွက် ပြင်ပါမယ်
  • ဆန်မှုန့် နှင့်ကောက်ညှင်းမှုန့်တို့ကို ဇလုံကျယ်ကျယ်ထဲမှာ ရေနည်းနည်းချင်းထဲ့ပြီးနှဲပေးပါ
  • မုန့်သားပျော့ပြီးစေးပိုင်လာပါက ရေပိုနေရင် ချန်ထားလိုက်ပါ
  • ရေတခါထဲမထဲ့ဘဲ ဖြေးဖြေးချင်းနှဲတာက ရေကိုလိုသလောက်ဘဲသုံးနိုင်ပါတယ်
  • မုန့်သားပျော့လာပါက နာရီဝက်တနာရီလောက် အခန်းအပူချိန်အနိုင်း ဒီတိုင်းထားပေးပါ
  • အ၀တ်ရေစိုလေးအုပ်ထားပေးက ပိုကောင်းပါတယ်
  • ထန်းလျှက်ခဲကို လက်တစ်ရဲ့ တ၀က်သာသာလောက်လေးတွေ တုံးပေးထားပါ
  • အုန်းသီးမှုန့်ကို ဆားအနည်းငယ်ထဲ့ပြီး ငံမြမြလေးရအောင် ဖွဖွလေးနယ်ထားပေးပါ
  • မုန့်သားနှပ်ထားပြီးတာနဲ့ မုန့်သားကို ကွမ်းသီးဆံလောက်ရအောင်ယူပြီး လက်ဝါးနှစ်ဖက်နှင့် ပွတ်ပြီး လုံးပေးပါ
  • အလုံးလေးဖြစ်သွားတာနဲ့ လက်ဝါးပေါ်တင်ပြီး အလယ်ကို အချိုင့်လေးဖြစ်အောင် လက်ညှိုးနှင့်ဖိလိုက်ပါ
  • ချိုင့်သွားသောနေရာသို့ထန်းလျှက်ခဲ အစိတ်လေးတခုထဲ့လိုက်ပါ
  • ထန်းလျှက်ခဲပေါ်သို့ မုန့်သားပြန်အုပ်ပြီး လုံးပေးပါ
  • ထန်းလျှက်ခဲ မပေါ်အောင် မုန့်သားကို သတိထားပြီးအုပ်ပေးပါ
  • ထန်းလျှက်ခဲ ပေါ်ပါက မုန့်သားကို ရေဆူဆူနှင့်ပြုတ်ချိန်မှာ ထန်းလျှက်များ အပြင်သို့ ပေါက်ထွက်ပါတယ်
  • အားလုံးလုံးပြီးပါက ရေများများထဲ့ပြီး ဆူအောင်တည်ပေးပါ
  • ရေပွက်ပွက်ဆူလာပါက လုံးလုံးထားသောမုန့်များကို တလုံးချင်းထဲ့ပေးပါ
  • မုန့်သားကျက်ပြီးရေပေါ် ပေါ်လာပါက မုန့်အတွင်းသားများကျက်စေရန် နှစ်မိနစ်လောက်ထားပြီးမှဆယ်ပါ
  • ရေအေးဇလုံ သန့်သန့်ထဲသို့ ပေါ်လာသော မုန့်လုံးရေပေါ်များကို ဇွန်းဇကာဖြင့်ဆယ်ထဲ့ပါ
  • မုန့်လုံးရေပေါ်များ အေးလာပါက ဆီစွတ်ထားသော ဌက်ပျောဖက်ပေါ်သို့ ဖျန့်ပြီးတင်ပေးပါ
  • ဌက်ပျောဖက်မရှိပါက ပန်းကန်ပြားထဲသို့ဆယ်ထဲ့ပါ
  • အားလုံးပြီးပါက အုန်းသီးမှုန့်ဖြူးပြီး ရာသီစာ မုန့်လုံးရေပေါ်လေးကို စားသုံးနိုင်ပါပြီ။

Thursday, 6 November 2014

ဆေးပေါင်းခမဲ့ မယ်ဇလီဖူးသုပ်


ဒီနေ့က တန်ဆောင်မုန်းလပြည့်နေ့ပါ တန်ဆောင်မုန်းလပြည့်နေ့ ညအခါသမယတွင် မယ်ဇလီဖူးသုပ်ကို စားသုံးခြင်းဖြင့် ၉၆ပါးသောရောဂါကို ပျောက်ကင်းသက်သာစေပြီး အသက်ကိုရှည်စေပါတယ်လို့ သာရကောမုနိဆေးကျမ်းက ဆိုထားပါတယ်။

တန်ဆောင်မုန်းလပြည့်ည အခါသမယမှာ ဆေးပင်တို့ကိုစောင့်ရှောက်ကြတဲ့ နတ်အပေါင်းတို့က မယ်ဇလီပင်စောင့်နတ်မင်းကို တချိန်တည်းမှာ တညီတညွတ်တညွတ်ထဲ လာရောက်ခစားကြတဲ့အတွက် ဆေးပေါင်းခတယ်လို့လည်းဆိုပါတယ်။

တန်ဆောင်မုန်းလပြည့်ညက ကြယ်တာရာနတ္ခအစုံ ထွက်ပေါ်ချိန်လရိပ်က ရေရဲ့အလယ်ကျနေချိန် ဖြစ်တဲ့အတွက် အဲဒီအချိန်ခူးဆွတ်မိတဲ့ ဆေးပင်ဆေးရွက်တို့ဟာ ဆေးအာနိသင် အပြည့်အ၀ပြတယ်လို့လဲ ဆိုကြပါတယ်။

ညသန်းခေါင် မွန်းတည့်ချိန်ရောက်သောအချိန်မှာ ရရာသစ်မြစ်ကို နူတ်ယူသိမ်းဆည်းကာ ဆေးဝါးအဖြစ်သုံးစွဲတတ်ကြပါသေးတယ် ဤကဲ့သို့ဘဲ လက်လှမ်းမှီရာ အသီးအရွက်တ်ု့ကို ခူးယူကာ သုပ်စားခြင်းဖြင့်လဲ ဆေးပေါင်းခတယ်လို့ဆိုကြပါတယ်။

ဒီနေ့ည လမွန်းတဲ့ချိန်မှာ ဆေးပေါင်းခအောင်စားမဲ့ မယ်ဇလီဖူးသုပ်လေးကို

  • နူးနေအောင်ပြုပ်ထားသော မယ်ဇလီဖူး - လက်ဖက်ရည်ပန်းကန်တစ်လုံးမောက်မောက်
  • ပါးပါးလှီးထားသော ကြက်သွန်နီ -အနေတော် တစ်လုံး
  • ပဲအကျက်မှုန့် - ထမင်းစားဇွန်း တဇွန်း
  • ငရုတ်သီးအကျက်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  • ငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  • ဆီချက် - ထမင်းစားဇွန်း နှစ်ဇွန်း
  • သံပုရာရည် - ထမင်းစားဇွန်း တစ်ဇွန်း အားလုံးတို့ကိုရောနယ်ပြီးသုပ်ထားပါတယ်


မယ်ဇလီဖူးလေးများ

မယ်ဇလီဖူး

မယ်ဇလီဖူးကို အခါးအရသာသက်သာစေရန် ၃ရေလဲပြီး ပြုပ်ပေးပါ

လိုအပ်သောအစာများ အားလုံးထဲ့ပြီးသုပ်ထားသော မယ်ဇလီဖူးသုပ်