Wednesday, 29 October 2014

သတ်သတ်လွတ် ကော်ပြန့်စိမ်း



ဒီနေ့လုပ်စားဖြစ်တဲ့ သတ်သတ်လွတ် ကော်ပြန့်စိမ်းလေးပေါ့ ကော်ပြန့်စိမ်းဆိုရင် ဘာပါရမယ် ညာပါရမယ် ဘာပါမှပြည့်စုံမယ် ညာပါမှ ပြည့်စုံမယ်ဆိုတဲ့ သတ်မှတ်ချက်တွေ မရှိပါဘူး စားတဲ့အခါခံတွင်းတွေ့ဖို့သာ အဓိကမို့ ဒီနေ့အိမ်မှာရှိတဲ့ အသီးအရွက်လေးနဲ့ သမီးအတွက် ကော်ပြန့်စိမ်းလေး လုပ်ပေးဖြစ်ပါတယ်။

ကော်ပြန့်စိမ်းလေး မကြာမကြာ လုပ်စားဖြစ်သလို အိမ်မှာရှိတဲ့ အသီးအရွက်တွေနဲ့
ဆင်ပြေအောင် လုပ်နိုင်တာမို့ အရသာရှိရှိနဲ့ စားသုံးနိုင်အောင် မာမာလုပ်တဲ့နည်းလေး မျှဝေပေးလိုက်ပါတယ်။

ပါဝင်တာလေးတွေကတော့
  • အနေတော်အရွယ် လှီးထားသော ဂေါ်ဖီ - တရုတ်ဟင်းပြင်ပန်းကန် တလုံးမောက်မောက်
  • အနေတော်အရွယ် လှီးထားသော တရုတ်မုန့်ညှင်း - တရုတ်ဟင်းပြင်ပန်းကန် တလုံးမောက်မောက်
  • လက်တစ်ဆစ်ခန့်အနေလှီးထားသော ကြက်သွန်မိတ် - တရုတ်ဟင်းပြင်ပန်းကန် တစ်လုံးမောက်မောက်
  • တလက်မသာသာအရှည် အချောင်းလေးများရအောင်လှီးထားသော မုံလာဥနီ - တရုတ်ဟင်းပြင်ပန်းကန် တစ်လုံးမောက်မောက်
  • လက်တစ်ဆစ်ခန့်အရွယ်လှီးထားသော တရုတ်နံနံ - လက်ဖက်ရည်ကြမ်းပန်းကန် တလုံးမောက်မောက်
  • သေးသေးနုတ်နုတ်လှီးထားသော ကြက်သွန်နီ - တရုတ်ဟင်းပြင်ပန်းကန် တလုံးစာ
  • ဓါးပြားရိုက်ထားသော ကြက်သွန်ဖြူ - အမွှာကြီးကြီး ၃မွှာ
  • ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  • ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်မရှိတရှိ
  • နှမ်းဆီ - လက်ဖက်ရည်ဇွန်း တစ်ဝက်
  • သစ်ရွက်ဆီ - ထမင်းစားဇွန်း ၃ဇွန်း
  • ပဲငံပြာရည်အပြစ် - ထမင်းစားဇွန်း ၂ဇွန်း
  • Rice paper - ၁၂ရွက်
ပြင်ဆင်ပုံ
  • လှီးထားသော အသီးအရွက် အားလုံးကို ရေဆေးပြီးရေစစ်ထားပါ
  • ဆီကိုအပူပေးပြီး ကြက်သွန်ဖြူကို နီညိုရောင်သန်းလာတဲ့ထိကြော်လိုက်ပါ
  • ပြီးတာနဲ့ကြက်သွန်နီကို မိနစ်ဝက်လောက်ထဲ့မွှေပါ
  • မုံလာဥနီ ဂေါ်ဖီ တရုတ်မုန့်ညှင်းတို့ကို မိနစ်ဝက်လောက်ထဲ့မွှေပါ
  • ဆား အရသာမှုန့်ထဲ့ပြီးတာနဲ့ ကြက်သွန်မိတ် တရုတ်နံနံ ငရုတ်ကောင်းမှုန့် နှမ်းဆီတို့ကို ထဲ့မွှေပါ
  • တမိနစ်လောက်မွှေပြီးတာနဲ့ မီးပိတ်ပြီး ကြော်ထားသောအိုးကို တခြမ်းစောင်းကာ အအေးခံပြီး အရည်စစ်ပေးထားပါ။
  • အသီးအရွက်များအေးတာနဲ့ ဆန်ပြားရွက်ကို ရေနွေးနွေးလေးနဲ့ ပန်းကန်ပြားတချပ်ထဲ ထဲ့ပြီး မိနစ်ဝက်လောက်ဘဲ ပျော့လာတဲ့ထိစိမ်လိုက်ပါ
  • စိမ်ပြီးတာနဲ့ ပန်းကန်ပြားအခြောက်တချပ်ပေါ်ဖြန့်တင်ပြီး ခင်းပေးပါ
  • ကြော်ထားသောအစာကို ထမင်းစားဇွန်း သုံးဇွန်းလောက်ကို အောက်ဖက်နားမှာ ပုံပြီးထဲ့ပေးပါ
  • ပုံထားသော အောက်ဖက်မှ အစာကိုအုပ်ပြီး စလိပ်ပေးပါ
  • ဘေးနှစ်ဖက်ကို အစာအပေါ်ကို တစဆီ ခေါက်ပေးပါ
  • နောက်ထပ်အောက်ဖက်မှ အလိပ်ပုံစံရတဲ့အထိ ဆက်တိုက်လိပ်ပေးသွားပြီးရင် ရပါပြီ
  • ကော်ပြန့်စိမ်းအပြင်သား ထူထူလေးရအောင် လိပ်ပြီးသား အလိပ်များကို နောက်ထပ်ဆန်ပြားဖတ် တရွက်ဆီကို ရေစိမ်ပြီး ထပ်လိပ်ပေးပါက လှီးတဲ့အခါလှီးလို့ကောင်းသလို စားလို့လဲ ပိုပြီးကောင်းပါတယ်။
အချဉ်ရည်အတွက်ပြင်ပါမယ်
  • Tomato sause ထမင်းစားဇွန်း ၂ဇွန်း
  • Chili sause ထမင်းစားဇွန်း ၂ဇွန်း 
  • သကြား လက်ဖက်ရည်ဇွန်း တဇွန်း
  • ရေနွေး ထမင်းစားဇွန်း ၄ဇွန်း တို့ကိုရောမွှေပေးပါ

Saturday, 25 October 2014

နှမ်းကပ် မုန့်လက်ကောက်လေး ချိုစိမ့်စိမ့်လေး


နေ့လည်နေ့ခင်း မုန့်အချိုစိမ့်စိမ့်လေး စားရအောင် မာမာ မုန့်လက်ကောက်လေး ကြော်ပါတယ် ရိုးရိုးမုန့်လက်ကောက်လေးထက် စားရတာ အရသာပိုကောင်းပြီး မွှေးစိမ့်နေအောင် နှမ်းစိမ်းလေးနဲ့ လှိမ့်ကာ ကြော်ထားပါတယ်။

မုန့်လက်ကောက်က ကြော်တတ်ပြီး ကြော်နည်းလေးသိရင် စားလို့အရမ်းကောင်းသလို ကြော်လို့လဲ လွယ်ပါတယ် မုန့်စပ်နည်းနဲ့ကြော်နည်းမကျွမ်းကျင်ရင်တော့ ကြော်တဲ့အခါ အန္တရာယ် နည်းနည်းများပါတယ်။

မကြော်ခင် မုန့်သားစပ်ပြီး အနည်းဆုံ ၂နာရီ၃နာရီလောက် မုန့်သားသေအောင် ထားပေးရပါတယ် မုန့်သားမသေရင် ကြော်တဲ့အခါမှာ မုန့်သားက ဆီပေါက်ပြီး ဆီရော မုန့်သားတွေပါ တော်တော် ခပ်ဝေးထိ လွင့်စင်ပြီး ပေါက်တတ်ပါတယ်။

ဒါကြောင့်မို့ ဆီပူမထိရလေအောင် မုန့်သားသေအောင်ထားပြီးမှ ကြော်တာအကောင်းဆုံးပါ မုန့်သားသေသွားရင်တော့ ကြော်နေစဉ် ဆီပူပေါက်ပြီးမှန်မှာ မကြောက်ရတော့ ဘူးပေါ့နော်။

မုန့်လက်ကောက် ၁၅ခုစာအတွက် မာမာတို့ကြော်ကြည့်ရအောင်ပါနော်။

ပါဝင်ရမှာလေးတွေကတော့

  • ကောက်ညှင်းမှုန့်. - ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၃ဗူး
  • ဆန်မှုန့် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၁ဗူး
  • ရေစိမ်း - ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၁ဗူးသာသာ
  • ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်မရှိတရှိ
  • ဆိုဒါ - လက်ဖက်ရည်ဇွန်း တစ်ဝက်မရှိတရှိ
  • နှမ်းဖြူအစိမ်း - လက်ဖက်ရည် အကြမ်းပန်းကန် တစ်ဝက်သာသာ
  • ဆီ - လက်ဖက်ရည် အကြမ်းပန်းကန် ၂လုံး
  • ထန်းလျှက်ခဲ - 200g
ပြင်ဆင်နည်းလေး ပြောပါမယ်
  • ကောက်ညှင်းမှုန့် ဆန်မှုန့် ဆား ဆိုဒါတို့ကို ရေထမင်းပေါင်းအိုး ဆန်ချင်ဗူး ၂ဗူးတို့ကို နည်းနည်းချင်းထဲ့ကာ နယ်ပေးပါ
  • ကောက်ညှင်းမှုန့်အပေါ်မူတည်ပြီး ရေကို နည်းနည်းချင်းထဲ့ပြီး နယ်ပေးပါ
  • မုန့်သားပျော့ပြီး စေးလာပြီဆိုရင် မုန့်သားအရမ်းမပျော့စေရန် ရေအကုန်မထဲ့ဘဲ ရေကိုချန်ထားလိုက်ပါ
  • မုန့်သားပျော့လာပါက အ၀တ်စသန့်သန့်ကို ရေစွတ်ပြီး ရေညှစ်ကာ မုန့်သားအပေါ် အုပ်ထားပေးပါ
  • မုန့်သားသေပြီး ကြော်လို့ကောင်းစေရန် မုန့်သားကို အနည်းဆုံး ၂နာရီကျော် ၃နာရီလောက် နှပ်ထားပေးပါ။
  • မုန့်သားနှပ်ပြီးတာနဲ့ လက်တဖျစ်စာသာသာ  အနေတော်မုန့်သားကိုယူကာ လက်ဖ၀ါး နှစ်ဖက်နဲ့ ပွတ်ပြီး မုန့်သားရှည်ရှည်လေးရတာနဲ့ ထိပ်စ၂ဖက်ကို အ၀ိုင်းလေးလုပ်ကာ ဖိပြီးဆက်လိုက်ပါ
  • ပြီးတာနဲ့ နှမ်းစိမ်းထဲ့ထားသော ပန်းကန်ထဲမှာ နှမ်းစေ့များ ကပ်အောင် လူးလိုက်ပါ
  • ဆီကို မီးအပူပေးပါ
  • ဆီပူလာတာနဲ့ မီးကို အနေတော်သို့ လျှော့လိုက်ပါ
  • မီးပြင်းလွန်းရင် အတွင်းသားတွေမကျက်ဘဲ အပြင်သားလဲ ကျွမ်းလွယ်ပါတယ်
  • မီးအနေတော်နဲ့ကြော်နေစဉ် တဖက်ကျက်ရင် တဖက်ကို လှန်ပေးပါ
  • ၂ဖက်လုံး မုန့်သားအရောင် ပြောင်းသွားပြီး ကျွတ်လာပါက ဆယ်ပြီး Paper Towels ပေါ်တင်ပြီး ဆီစစ်ပေးပါ
ထန်းလျှက်ရည်ကျိုပါမယ်
  • ထန်းလျှက်ခဲ - 200g
  • ရေ. - ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၃ဗူး
  • မီးအနေတော်နဲ့ ရေနှင့် ထန်းလျှက်ခဲကို ကျေအောင်ကျိုပေးပါ
  • ထန်းလျှက်ခဲများကျေသွားပါက အရည်ကို ဆက်တိုက်မွှေပေးပါ
  • မွှေနေစဉ် ထန်းလျှက်ရည် ကြွက်မှီးတန်း အနေအထား ရမရသိစေရန် ထန်းလျှက်ရည်ကို ယောင်းမနှင့် ဆယ်ပြီး အိုးထဲမှာဘဲ ပြန်လောင်းချကြည့်ပါ
  • ကြွက်မှီးတန်း အနေအထားလောက်ရရင် အအေးခံပြီး စားလို့ရပါပြီ


မုန့်သားသေစေရန်ဆန်မှုန့် ကောက်ညှင်းမှုန့် ဆား ဆိုဒါ အားလုံးရောနယ်ပြီး နှပ်ထားပေးပါ


မုန့်သားကို ကွင်းပြီးတာနဲ့ နှမ်းစေ့နှင့်လူးပေးပါ


ကြော်ပြီးကျက်သွားပါက တခုခြင်းကို Paper Towels ပေါ် တင်ပြီး ဆီစစ်ပေးထားပါ


ကြော်ပြီး ဆီစစ်ထားတဲ့ နှမ်းကပ် မုန့်လက်ကောက်လေးရပါပြီ


ကျိုပြီးအအေးခံထားသော ထန်းလျှက်ရည်ထဲမှာ စိမ်ထားပေးပါ



နှမ်းကပ်ကြော် မွှေးမွှေးလေးနဲ့ မုန့်လက်ကောက် ချိုစိမ့်စိမ့်လေးရပါပြီ။


Tuesday, 21 October 2014

ကြွက်နားရွက်မှို (Black Fungus) ကော်ပြန့်ကြော်



သတ်သတ်လွတ် ကြွက်နားရွက်မှို ကော်ပြန့်လိပ်ကြော်လေး ကြော်စားဖြစ်ပါတယ် အသားဆို ညင်းတတ်တဲ့သမီးငယ်လေးက အသားမပါရင်တော့ မြိန်ရည်ယှက်ရည် စားသုံးတတ်ပါတယ် ဒါကြောင့်မို့လဲ တနေ့တမျိုးမရိုးရအောင်လို့ သူ့အတွက် မာမာ စိတ်ကူးပြီး ကြော်ပေးထားတဲ့ ကော်ပြန့်ကြော်လေးမို့ မြည်းစမ်းဖို့အတွက် ကြော်ကြည့်စေချင်ပါတယ်။
ပါဝင်ရမှာလေးတွေက

  • ကော်ပြန့်ရွက် - ၁၂ရွက်
  • ဓါးပြားရိုက်ထားသော ကြက်သွန်ဖြူ - ၃မွှာ
  • ခပ်သေးသေး နုတ်နုတ်လှီးထားသော ကြက်သွန်နီ - တရုတ်ဟင်းပြင်ပန်းကန် တစ်လုံးစာ
  • အနေတော်လှီးထားသော တရုတ်မုန့်ညှင်း - တရုတ်ဟင်းပြင်ပန်းကန် တစ်လုံးမောက်မောက်
  • လက်တဆစ်ခန့်လှီးထားသော ကြက်သွန်မိတ် - တရုတ်ဟင်းပြင်ပန်းကန် တစ်လုံးမောက်မောက်
  • ခပ်ကြမ်းကြမ်းလှီးထားသော ဂေါ်ဖီ - တရုတ်ဟင်းပြင်ပန်းကန် တစ်လုံးမောက်မောက်
  • တစ်လက်မသာသာ ရှည်ရှည်အမြှောင်းလေးတွေလှီးထားသော မုံလာဥနီ - တရုတ်ဟင်းပြင်ပန်းကန် တစ်လုံးစာ
  • ရေစိမ်ပြီး အနေတော်လှီးထားသောBlack Fungus - တရုတ်ဟင်းပြင်ပန်းကန် တလုံးမောက်မောက်
  • ခပ်ကြမ်းကြမ်းလှီးထားသော တရုတ်နံနံ - လက်ဖက်ရည်အကြမ်းပန်းကန် တစ်လုံးမောက်မောက်
  • ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်းသာသာ
  • အရသာမှုန့်. - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  • ပဲငံပြာရည်အပြစ် - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
  • ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  • နှမ်းဆီ - လက်ဖက်ရည်ဇွန်း လေးပုံ တစ်ပုံ
  • ဆီ - လက်ဖက်ရည် အကြမ်းပန်းကန် တစ်ဝက်
အစာအတွက်ကြော်ပါမယ်
  • ဆီကိုအပူပေးပြီး ကြက်သွန်ဖြူကို အရင်မွှေးလာအောင်ကြော်ပေးပါ
  • ပြီးတာနဲ့ကြက်သွန်နီကိုနဲနဲနွမ်းအောင်ကြော်ပေးပါ
  • ကြက်သွန်နီနွမ်းလာတာနဲ့ black fungus ကို တစ်မိနစ်လောက်ထဲ့ကြော်ပါ
  • လှီးထားသော အရွက်များထဲမှတရုတ်နံနံနှင့်ကြက်သွန်မိတ်ကိုချန်ထားပြီး ဆား အရသာမှုန့် တို့ထဲ့ပြီး အရွက်များနွမ်းအောင်ကြော်ပေးပါ
  • အားလုံးနွမ်းလာတာနဲ့ တရုတ်နံနံ ကြက်သွန်မိတ် ပဲငံပြာရည် ငရုတ်ကောင်းမှုန့် နှမ်းဆီတို့ထဲ့မွှေပြီး တမိနစ်လောက်ကြော်ပြီးတာနဲ့မီးပိတ်ပါ။

ကော်ပြန့်လိပ်ရန်အတွက်ပြင်ပါမယ်
  • ကြော်ထားသော အစာကို အအေးခံပြီးရေစစ်ထားပေးပါ
  • ကော်ပြန့်ရွက်ကို ထောင့်ချွန်းခင်းပြီး အောက်နားမှာ အစာကို ထမင်းစားဇွန်း နှစ်ဇွန်းလောက်ပုံပေးပါ
  • အစာအောက်ဖက်မှအစကို စပြီးလိပ်ပေးကာ ဘေး၂ဖက်ကိုပါ ခေါက်ပေးပြီး ဆက်လိပ်ပေးပါ
  • လိပ်လာသောအစဆုံးကာနီးပါက ဂျုံမှုန့်ဖျော်ထားသော အရည်နှင့် အနားစကိုကပ်ပြီး ဆက်လိပ်ပေးပါ
  • ကော်ပြန့်လိပ်များ လိပ်လို့ပြီးပါက ဆီလက်ဖက်ရည်ပန်းကန်လုံး တစ်လုံးခွဲကို မီးအပူပေးပါ
  • ဆီပူလာပါက မီးကို အလယ်လောက်ထိလျော့ချပြီးမှ ကော်ပြန့်လိပ်ကို တလိပ်ခြင်းထဲ့ကြော်ပေးပါ
  • တလိပ်လုံးရွှေဝါရောင်သန်းလာပါက ဆယ်ပြီး ဆီစ်ပေးပါ။
ကော်ပြန့်လိပ်နှင့်စားရန် အချဉ်စပ်ပါမယ်
  • Tomato sauce ထမင်းစားဇွန်း တစ်ဇွန်း
  • Chili sauce ထမင်းစားဇွန်း တစ်ဇွန်း
  • ဆား လက်ဖက်ရည်ဇွန်း တစ်ဝက်
  • သကြား လက်ဖက်ရည်ဇွန်း တစ်ဇွန်းသာသာ
  • ရေနွေးနွေးရုံလေး ထမင်းစားဇွန်း သုံးဇွန်း တို့ကိုရောမွှေပေးပါ

Monday, 20 October 2014

မာမာ့ ဥယျာဉ်လေး

မြန်မာပြည်က မာမာ့သပြေခြံလေးရယ် အခုလက်ရှိနေနေတဲ့ နိုင်ငံက ဥယျာဉ်လေးထဲက စားပင် အချို့ရယ်ပါ ၀ါသနာစုံတယ်လို့တော့ ထင်ကြမှာဘဲနော် ထမင်းချက် ဟင်းချက် မုန့်လုပ်တာတွေအပြင် စာရေးကဗျာစပ်ဆိုတဲ့ တောက်တိုမယ်ရလေးက စပ်စပ်စုစုလုပ်တတ်သလို အိမ်မှာ အပင်စိုက် အင်္ကျံချုပ် သိုးမွှေးထိုးတာလေး တွေကလဲ တောက်တိုမယ်ရလုပ်တတ်ပါသေးတယ် ဒီနေ့တော့ ခြံထဲက အပင်လေးတွေ ပွင့်နေတာလေးတွေ တင်ပေးမယ်နော် ၀ါသနာတူရင် မျှဝေခံစားလို့ ရအောင်ပေါ့နော်။

ဒါကတော့ မြန်မာပြည်က မာမာ့ရဲ့ အာဆီယံ သပြေခြံလေးပါ

ဒါကတော့ မာမာအခုနေတဲ့ အိမ်မှာစိုက်ထားတဲ့ ကန်စွန်းပင်က အပွင့်လေးပါ

ဒါကတော့ ရေခဲသေတ္တာထဲမှာ မစားဖြစ်ဘဲ ကျန်နေတဲ့ကန်ဇွန်းဥကနေ အပင်လေးတွေပေါက်နေတာပါ

ဒါကတော့ ပျိုးပင်လေးဘ၀နဲ့ ပန်းအိုးထဲမှာဘဲ ပွင့်တော့မဲ့ ဘူးပင်လေးပါ

ဒါကတော့ မုံလာပွင့်လေးပါ

ဒါလေးကတော့ ရွှေဖရုံပွင့်လေးတွေပါ

ဘေဘီ ဘလိုကိုလီကြော်




သတ်သတ်လွတ် ဘေဘီဘရိုကိုလီကြော်လေးပါ  လတ်လတ်ဆတ်ဆတ် စိမ်းစိမ်းစိုစိုလေးမို့ စားလို့အရမ်းကောင်းပါတယ် အသားငါး စိမ်းစိမ်းစိုစိုတွေ မစားတဲ့ သမီးလေးအတွက်မို့ မာမာ့ရဲ့စိတ်ကူးနဲ့ ချက်ခဲ့တဲ့ဟင်းလေးတမျိုးပါ မာမာ့သမီးလေးကတော့ မာမာချက်သမျှ သတ်သတ်လွတ်ဟင်းလေးတွေက သူ့အဖို့တော့ နတ်သုဒ္ဓါဟင်းလေးတွေမို့ ချက်ပြုပ်ကျွေးရတဲ့ ဟင်းလေးတွေအတွက် မာမာ့ပီတိလေးတွေကို ပြန်မျှပါမယ်နော်။
ပါဝင်ရမှာလေးတွေက

  • ရေစင်အောင်ဆေးထားသော ဘေဘီဘလိုကိုလီ - ၇ပင်
  • ဆီ ထမင်းစားဇွန်း - နှစ်ဇွန်း
  • နနွင်းမှုန့်-  လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  • ဆား - လက်ဖက်ရည်ဇွန်း တ၀က်မရှိတရှိ
  • အရသာမှုန့်-  လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ဓါးပြားရိုက်ထားသော ကြက်သွန်ဖြူ - ၄မွှာ
  • ရေ - အနည်းငယ်
  • ငရုတ်ကောင်းမှုန့်-  လက်ဖက်ရည်ဇွန်း တစ်ဝက်


ဆီကိုအပူပေးပြီးနနွင်းမှုန့်ထဲ့ကာ ကြက်သွန်ဖြူကို ညိုလာတဲ့ထိကြော်ပေးပါ


ကြက်သွန်ဖြူညိုလာတာနဲ့ ဘေဘီဘလိုကိုလီ ဆားနဲ့ အရသာမှုန့်ထဲ့ပြီး ကြော်ပေးပါ


မိနစ်ဝက်လောက်ကြော်ပြီးတာနဲ့ရေထဲ့ပြီး ရေပွက်ပွက်ဆူလာအောင် တည်ပေးပါ

ရေခမ်းပြီဆိုတာနဲ့ ငရုတ်ကောင်းမှုန့်ဖြူးကာ စားသုံးနိုင်ပါပြီ

အာလူး ကတ်တလိတ်ကြော်



ဒီနေ့ကြော်စားဖြစ်တဲ့ အကြော်လေးပါ မာမာ့သမီးလေးအတွက် သတ်သတ်လွတ် ကြော်ဖြစ်တဲ့ အစားလေးတစ်မျိုးပေါ့ သတ်သတ်လွတ်စားတဲ့ သမီးအတွက် တနေ့တမျိုးမရိုးရအောင် စီမံချက်ပြုပ်ပေးထားတဲ့ အမေ့ရဲ့ စေတနာဟင်းလေးပေါ့နော်။

ကြော်ရတာအရမ်းလွယ်ပါတယ် အိမ်ရှင်မတို့ကိုယ်တိုင်လဲ သားသားမီးမီးလေးတို့အတွက် သတ်သတ်လွတ် အစာလေးတစ်မျိုး ချက်ပေးစေချင်တယ်ဆိုရင် အာလူးကတ်တလိတ်လေး ကြော်ပေးနိုင်အောင် ကြော်ပုံကြော်နည်းလေးကို ရေးပါမယ်။
ပါဝင်ရမှာလေးတွေကတော့

  • နူးနေအောင်ပြုပ်ပြီး ညက်နေအောင် ချေထားသောထားသောအာလူး - 600g
  • ပြောင်းဖူးမှုန့် - ထမင်းစားဇွန်း ၂ဇွန်း
  • အရသာမှုန့်- လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  • ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  • မဆလာ - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  • ဖွားဖွားပါအောင် ခလောက်ထားသော ကြက်ဥ - တစ်လုံး
  • ဆီ - လက်ဖက်ရည်အကြမ်းပန်းကန် တစ်လုံး
ကြော်ဖို့ပြင်ပါမယ်
  • နူးနေအောင်ပြုပ်ထားသော အာလူးကို အားလုံးကျေသွားအောင်ချေလိုက်ပါ
  • ဇလုံထဲထဲ့ပြီး ဆား မဆလာ နနွင်းမှုန့် အရသာမှုန့် ပြောင်းဖူးမှုန့်တို့ထဲ့ပြီး စေးနေကောင် နယ်ပေးပါ
  • နယ်ပြီးတာနဲ့လက်ကိုရေစွတ်ပြီး အနေတော်အလုံးလေးများရအောင် ဆုတ်ဆုတ်ပြီး လုံးပေးပါ
  • ကြက်ဥတစ်လုံးကို ဇလုံသေးသေးတလုံးထဲမှာ ဖွားဖွားပါအောင်ခေါက်ထားပေးပါ
  • ဆီကို မီးအပူပေးပြီး ဆီပူလာပါက မီးကို အနေတော်လောက်ဖြစ်အောင် အရှိန်လျော့ပေးပါ
  • မီးလျော့ပေးပြီးတာနဲ့ လုံးထားသောအာလူးကို နဲနဲပြားပေးပြီး ခလောက်ထားသောကြက်ဥထဲမှာနှစ်ပြီး ဆီအိုးထဲကို ထဲ့ပြီးကြော်ပေးပါ
  • မီးအရမ်းပြင်းရင် အာလူးကတ်တလိတ်ကြော်က ကျွမ်းသွားတတ်တာမို့ မီးအပူရှိန်ကို သတိထားပါ
  • တဖက်ကျက်ရင် တဖက်ကိုအသာအရာ ဇွန်းနဲ့ကော်ပြီးလှန်ပေးပါ
  • နောက်တဖက်ပါ ရွှေဝါရောင်သန်းလာပါက ဆယ်ပြီး ဆီစစ်ပေးပြီးပါက မဆလာနံ့သင်းသင်းလေးနဲ့အာလူးကတ်တလိတ်ကြော်လေးကို စားသုံးနိုင်ပါပြီ။

ငါး ငါးပိချက် စပ်စပ်လေး



ချက်စားဖြစ်ခဲ့တဲ့ ငါး ငါးပိချက်လေးပါ ဘာငါးနဲ့ဘဲ ချက်ချက် အဆင်ပြေတဲ့ ဟင်းလေးပါ ထမင်းစားရတာလဲ သိပ်မိန်တဲ့ဟင်းဆိုလဲ မမှားပါဘူး မာမာကတော့ ငါးပိချက် ချက်ပြီဆိုရင် တို့စရာအစုံအလင်နဲ့ စားရတာကို ပိုပြီးသဘောကျပါတယ်။

ထမင်းမိန်စေမဲ့ ငါးပိချက် ချက်နည်းလေးကို မာမာ့လိုဘဲ ချက်စားနိုင်အောင် ချက်နည်းလေးရေးပေးပါမယ် အားလုံးဘဲ ထမင်းမိန်မိန် စားနိုင်စေဖို့ မျှဝေလိုက်ပါတယ်။

လေးယောက်စာအတွက် ချက်နည်းလေးပြောပါမယ်
ပါဝင်ပစ္စည်းများ

  • နုတ်နုတ်စဉ်းထားသော ဘာဆာငါး - 150g (အရိုးထွင်ပြီးသား မည်သည့်ငါးနှင့်မဆိုချက်နိုင်ပါတယ် )
  • ငရုတ်သီးအကြမ်းမှုန့် - ထမင်းစားဇွန်း နှစ်ဇွန်း (အစပ်မစားလျှင် လျော့ထည့်ပါ)
  • ပါးပါးလှီးထားသော ကြက်သွန်နီ - အနေတော် တစ်လုံး
  • ပါးပါးလှီးထားသော ခရမ်းချဉ်သီး - အလုံးကြီးကြီး ၅လုံး
  • အခွံခွာပြီးရေဆေးထားသော ကြက်သွန်ဖြူ - ၅မွှာ
  • ဆီ လက်ဖက်ရည်အကြမ်းပန်းကန် - တစ်ဝက်
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  • ငံပြာရည် - ထမင်းစားဇွန်း နှစ်ဇွန်း
  • ကျိုထားသော ငါးပိရည်ကျိုပျစ်ပျစ် - လက်ဖက်ရည်ပန်းကန် တစ်လုံး
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  • ငရုတ်သီးစိမ်း - နှစ်သက်သလောက်
ချက်နည်းလေးပြောပါမယ်
  • ဆီကို အပူပေးပြီးနနွင်းမှုန့်ကိုထဲ့ပါ ပြီးတာနဲ့ကြက်သွန်နီကို နွမ်းအောင်ကြော်လိုက်ပါ
  • ကြက်သွန်နီနွမ်းတာနဲ့ ငရုတ်သီးမှုန့်ကိုမွှေးလာတဲ့ထိကြော်ပေးပါ
  • ငရုတ်သီးမှုန့်မွှေးလာတာနဲ့ ငါးကိုငါးငံပြာရည်ထဲ့ကာ ခြောက်ပြီးငါးအသားများ မွလာတဲ့အထိ ကြော်ပေးပါ
  • ငါးအသားများမွလာတာနဲ့ ခရမ်းချဉ်သီးကိုထဲ့ပြီး အခွံများလိပ်လာတဲ့ထိ မွှေပြီးချက်ပေးပါ
  • ခရမ်းချဉ်သီး အခွံများလိတ်လာတာနဲ့ အရသာမှုန့် ငပိရည်ကျိုတို့ထဲ့ပြီးမွှေပေးပါ
  • အားလုံး ပွက်ပွက်ဆူလာတာနဲ့အရသာကိုမြည်းကာ ငရုတ်သီးစိမ်း ကြက်သွန်ဖြူတို့ထဲ့မွှေပေးပြီး မီးပိတ်ပေးပါ
  • ငါး ငါးပိချက်လေးကို တို့စရာအစုံအလင်နဲ့ သုံးဆောင်နိုင်ပါပြီ။

Friday, 10 October 2014

မုန့်လိပ်ပြာ စိမ့်စိမ့်လေး


မြန်မာမုန့်လေးတွေကို နှစ်နှစ်သက်သက် ကြိုက်မိသူတွေအတွက် မုန့်လိပ်ပြာလေးပါ လုပ်စားရတာလဲလွယ်ပါတယ် တောမှာနေပြီး တောမှာကြီးခဲ့တဲ့ မာမာတစ်ယောက် မြန်မာမုန့်လေးတွေ ကြိုက်တာ မဆန်းဘူးထင်ပါတယ်နော်။

ငယ်ငယ်ထဲက စားခဲ့တဲ့မုန့်လေးတွေရဲ့ အရသာကို နှစ်သက်နေကြအုံးမယ်ဆိုရင် ဒီနည်းလေးအတိုင်း အလွယ်တစ်ကူ လုပ်စားကြည့်နိုင်အောင် မျှဝေလိုက်ပါတယ်။

မုန့်လုပ်ရန်

  • ပဲနီ - တစ်ဗူး 400g
  • Rice Paper - ၇ရွက်
  • သကြားအဖြူ (သို့) သကြားအညို - ထမင်းစားဇွန်း တစ်ဇွန်းမောက်မောက်
  • ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  • ရေ - 2cups



ပဲနီဗူးကိုဖောက်ပြီး ရေစင်အောင်ဆေးထားပေးကာ ဆား သကြားအညို ထမင်းစားဇွန်းတစ်ဇွန်းနှင့် ရေထဲ့ကာ ပဲများ ကျေပြီး ရေခမ်းသွားတဲ့အထိကျိုပြီး ပဲယိုထိုးပေးပါ

မုန့်လိပ်ပြာအတွက် ပဲယိုနှင့်လိပ်ရန် ဆန်ပြားရွက်

ဆန်ပြားရွက်ကို ရေအေးနှင့်ပျော့သွားတဲ့အထိ မိနစ်ဝက်လောက်ရေစိမ်ပေးပါ

ရေစိမ်ထားသော ဆန်ပြားရွက်ကို ပန်းကန်ပြားတစ်ချပ်ပေါ်တွင်တင်ပြီး ပဲယိုကိုအလယ်တည့်တည့်မှာ ထမင်းစားဇွန်း တစ်ဇွန်းသာသာ ပုံပေးပါ

ပဲယိုပေါ်သို့ အောက်ဖက်မှစပြီး စပြီးခေါက်တင်ပေးပြီးမှ ဘေးစနှစ်ဖက်ကို တစ်ထပ်ချင်းခေါက်ပေးပါ နောက်ဆုံးမှ ကျန်နေတဲ့ အစကိုအုပ်ပေးပြီး ပဲယိုကိုထုတ်လိုက်ပါ

မုန့်လိပ်ပြာမွှေးမွှေးလေးရပါပြီ နှမ်းထောင်း အုန်းသီးမှုန့်တို့ဖြူးပြီး မိန်ယှက်စွာစားသုံးနိုင်ပါပြီ

Friday, 3 October 2014

စမူဆာ ပဲရည်သုပ်



စမူဆာ ပဲရည်သုပ်လေး သုပ်စားဖြစ်ပါတယ် လိုအပ်တာလေးတွေကတော့ ကြက်ခြေထောက်ပဲရည်သုပ်ထဲက အတိုင်းပါဘဲ ကြက်ခြေထောက်အစား စမူဆာပြောင်းပြီးထဲ့လိုက်ရုံပါဘဲ မိသားစုအားလပ်ရက်လေးမှာ သုပ်စားနိုင်အောင် မာမာပြင်ဆင်ထားတာလေးကို တင်ပေးလိုက်တာပါ။

ထဲ့မဲ့အစာတွေက အားလုံအတူပါဘဲ ချက်နည်းလေးတွေ ပြင်နည်းလေးတွေကို ကြက်ခြေထောက်ရိုး ပဲရည်သုပ်မှာ ကြည့်နိုင်ပါတယ်။






ကြက်ခြေထောက် ပဲရည်သုပ်



စိတ်​ထဲမှာ တခါတလေ ဖြစ်ပေါ်လာတတ်တဲ့ အစာလေးတစ်ခုပါ အမြဲတမ်းသုပ်စားမယ်ဆိုရင်လဲ အရမ်းကြိုက်တဲ့ အစာထဲမှာ ပါပါတယ် ဒါပေမဲ့ကထိကထနဲနဲများလို့ ရံဖန်ရံခါလောက်ဘဲ သုပ်စားဖြစ်ပါတယ်။

ပထမဆုံး ၅ယောက်စာအတွက် လိုအပ်တဲ့ အသီးအရွက်တွေကို ပြင်ထားပါမယ်

  • ပါးပါးလှီးပြီးရေစင်အောင်ဆေးထားသော ဂေါ်ဖီ - တရုတ်ဟင်းပြင်ပန်းကန် တစ်လုံးစာသာသာ
  • ပါးပါးလှီးကာ ရေဆေးထားသော ကြက်သွန်နီ - အနေတော် တစ်လုံး
  • ပါးပါးလှီးထားသော ငရုတ်သီးစိမ်း - နှစ်သက်သလောက်
  • တစ်လုံးကို ရှစ်စိတ် စိတ်ထားသော သံပုရာသီး - တစ်လုံး
  • ပူစီနမ် - လိုသလောက်

ပဲအတွက်ပြင်ပါမယ်
  • ပြုပ်ပြီးသား ready made ဆင်ခေါင်းပဲ 400g ကို ရေစင်အောင်ဆေးထားပါ
  • ကြက်သွန်ဖြူ ၃မွှာ ကြက်သွန်နီ အနေတော်တစ်ခြမ်း ချင်း လက်တစ်ဆစ်ဆို့ကိုထောင်းထားပါ
  • ငရုတ်သီးအရောင်တင်မှုန့် လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  • အခွန်ခွာပြီး ရေဆေးကာ ၈စိတ် စိတ်ထားသော အာလူး
  • မကျီးအနှစ် လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  • မဆလာ နှစ်သက်သလောက်
  • ဆီ ထမင်းစားဇွန်း ၄ဇွန်းလောက်ကို အပူပေးပြီး ဆီပူလာရင် နနွင်းမှုန့် လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံထဲ့ပြီး ထောင်းထားသော ကြက်ဖြူ ကြက်နီ ချင်း ငရုတ်သီးမှုန့်တို့ကို မွှေးလာတဲ့ထိ ဆီသတ်ပေးပါ
  • ဆီသတ်ထားသော ငရုတ်ဆီကို ပဲရည်ထဲထဲ့ရန် ထမင်းစားဇွန်း ၂ဇွန်းလောက် ချန်ထားပေးပါ
  • ဆီသတ်မွှေးလာပါက အာလူးကိုအရင်ထဲ့ပြီးမွှေကာ ဆားလက်ဖက်ရည်ဇွန်းတစ်ဝက်သာသာ အချိုမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်နှင့် ရေမြုပ်အောင်ထဲ့ပြီး အာလူးနူးအောင်တည်ပါ
  • အာလူးနူးတာနဲ့ မကျီးအနှစ်နှင့်ဆင်ခေါင်းပဲကိုထဲ့ပြီး ရေနည်းနည်းထပ်ထဲ့ကာ တည်ပေးပါ
  • ရေခမ်းပြီး ဆီပြန်ပါက မဆလာထဲ့မွှေပြီး မီးပိတ်ပေးပါ
ကြက်ခြေထောက်ပြုပ်ရန်
  • အရိုးထွင်ထားသော ကြက်ခြေထောက် 150 kg
  • ဆား လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  • နနွင်းမှုန့် လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  • အချိုမှုန့် လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  • အားလုံးရောနယ်ပြီး ရေမြုပ်အောင်ထဲ့ကာ ရေခမ်းတဲ့ထိ ပြုပ်ပေးပါ
ပဲအရည်ချက်ရန်
  • ပဲအစိမ်းမှုန့် ထမင်းပေါင်းအိုးဆန်ချင်ခွက် တစ်ဗူးသာသာကို ရေမြုပ်အောင်ထဲ့ပြီးကျေကောင်ချေပေးပါ
  • ပဲမှုန့်များရေမှာပျော်သွားပါက ရေကို တရုတ်ဟင်းပြင်ပန်းကန် ၃လုံးစာထဲ့ပြီး ဆား လက်ဖက်ရည်ဇွန်း တစ်ဇွန်း အချိုမှုန့် လက်ဖက်ရယ်ဇွန်း တစ်ဇွန်း ဆီသတ်ထားသော ငရုတ်သီး ကြက်သွန်နီတို့ကိုထဲ့ပြီး ဆူအောင်တည်ပေးပါ
  • ပဲများကပ်မသွားစေရန် မကြာမကြာမွှေပေးပါ
  • ဟင်းရည်ဆူလာရင်ရပါပြီ
တစ်ပွဲစာအတွက်ပြင်ပါမယ်
  • ဂေါ်ဖီ အနည်းငယ်
  • ကြက်သွန်အနည်းငယ်
  • ပဲအနည်းငယ်
  • ကပ်ကြေးဖြင့်ညှပ်ထားသော ကြက်ခြေထောက် အရည်ခွံ အနည်းငယ်
  • ချက်ထားသောပဲအာလူးဟင်း အနည်းငယ်
  • ငရုတ်းသီးစိမ်း အနည်းငယ်
  • ပူစီနမ် အနည်းငယ်
  • သံပုရာသီး တစ်စိတ် အရည်ညှစ်
  • ပဲရည် နှစ်သက်သလောက်ဆမ်းပေးပြီး အပေါ့အငံ လိုသလိုပြုပြင်ပြီး သုံးဆောင်နိုင်ပါပြီ။






ချင်းအရိုင်းသုပ် မွှေးမွှေးလေး



နေ့လည်နေ့ခင်း ရေနွေးပူပူလေးနဲ့ ချင်းအရိုင်းသုပ်လေး သုပ်စားကြရအောင်ပါ ချင်းသုပ်လို့ဆိုလိုင်တာနဲ့ အုန်းသီးကြော် ပဲမှုန့် နှမ်းစေ့ဆီတို့ပါရပါမယ် မာမာကတော့ ဒါတွေမရှိလို့ အရိုင်းသုပ်လေးလို့ဘဲ နံမည်တပ်ပြီး သုပ်စားလိုက်ပါတယ်။

ကိုယ်တိုင်လုပ်တဲ့ ချင်းချဉ်လေးကို အိမ်မှာရှိတဲ့ အသီးအရွက်တွေ ပြစ်ထဲ့ပြီး ရောသမမွှေလိုက်ပြီးတဲ့နောက် ချင်းအရိုင်းသုပ်လေး တစ်ပွဲတော့ လှလှပပလေးရလာမှာပါ။

ချင်းအရိုင်းသုပ်လေးအတွက်

  • ချင်းချဉ် ထမင်းစားဇွန်း - နှစ်ဇွန်းမောက်မောက်
  • ပါးပါးလှီးထားသော ဂေါ်ဖီ - လက်ဖက်ရည်အကြမ်းပန်းကန် တစ်လုံးမောက်မောက်
  • လက်ဖက်အကြော်စုံ - လက်ဖက်ရည်အကြမ်းပန်းကန် တစ်လုံး
  • ပုဇွန်ခြောက် - ထမင်းစားဇွန်း တစ်ဇွန်းသာသာ
  • ပါးပါးလှီးထားသော ခရမ်းချဉ်သီး - ခပ်ကြီးကြီး တစ်လုံး
  • ဆား - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  • ပဲဆီစိမ်း - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
  • အားလုံးကို သမအောင် ခပ်မွမွရောမွှေပြီး စားသုံးနိုင်ပါပြီ

ချင်းချဉ်လေး လုပ်ကြရအောင်



တစ်ခါတစ်ရံတော့ ချင်းသုပ်လေးဘာလေး အရမ်းစားချင်ပါတယ် အဲဒီလိုအချိန်တွေမှာ ချင်းချဉ်ကလဲ အလွယ်တစ်ကူမရနိုင်တဲ့နေရာ ဒေသမှာရောက်နေရင် ကိုယ့်ဘာသာကို ချင်းချဉ်ကို တတည်ရတော့တာပါဘဲ။

မာမာကတော့ မာမာ့အမေ အချဉ်တည်တဲ့နည်းလေးနဲ့ တည်ပါတယ် အရမ်းအရမ်းကိုလွယ်ပါတယ် အချဉ်တည်တဲ့ အချိန်မှာ တစ်ချက်လေးဘဲ သတိထားရမှာက ဖန်ပုလင်းနဲ့တည်တာအကောင်းဆုံးပါ ကြွေပန်းကန်နဲ့တည်တဲ့အခါမှာ ကြွေအကောင်းစား အရည်အသွေး ပြည့်မှီတဲ့ကြွေဆိုရင် ပြသနာမရှိပေမဲ့ အရည်အသွေးမပြည့်မှီတဲ့ ကြွေဆိုရင် တည်မိတဲ့အချဉ်ကြောင့် အဆိပ်အတောက်ကို ဖြစ်စေပါတယ်။

ချင်းချဉ်အတွက်လိုအပ်လေးတွေက

  • အခွံခွာပြီး ရေစင်အောင်ဆေးထားသော ချင်း 100g
  • သုံပုရာသီး အနေတော် တစ်လုံး
  • ဆား လက်ဖက်ရည်ဇွန်း သုံးပုံ တစ်ပုံ
ပြင်ဆင်ပါမယ်
  • ချင်းကို ခပ်သေးသေး အမြှောင်းလေးတွေ ရအောင်လှီးပေးပါ
  • သုံရာသီးကို ထက်ခြမ်းခြမ်းပြီး ချင်းထဲသို့အရည်ညှစ်ပေးပါ
  • ထိုအထဲသို့ ဆားရောထဲ့ပြီး သမအောင်မွှေပေးပါ
  • အားလုံးသမသွားပါက ဖန်ပုလင်းထဲထဲ့ပြီး တစ်ညအိပ်ထားပေးပါ
  • နောက်တစ်နေ့မှာ ချင်းအရောင်ပြောင်းလာပါ ချင်းချဉ်မွှေးမွှေးလေးရပါပြီ
  • ချင်းသုပ် လက်ဖက်သုပ်တို့ သုပ်စားနိုင်ပါပြီ