Sunday, 27 October 2013

ပြည်ကြီးငါး (ကင်းမွန်) အချိုချက်

ပြည်ကြီးငါး အချိုချက်
ပြည်ကြီးငါး ချက်နည်းလေးသိချင်လို့ မေးလာတဲ့သူတွေ အတွက်ပါ ပြည်ကြီးငါးတို့ရဲ့သဘာဝ ရေငံငါးမို့နဲနဲလေး အနံ့ရှိပါတယ် သူ့ကိုအနံ့ပျောက်အောင် အရင်ဆုံး သံပုရာရည်နဲ့နယ်ပြီးဆေးပါတယ် ပြီးမှအရသာများနယ်ကာ ဆယ်မိနစ်လောက် နှပ်ထားပြီးမှချက်ပါတယ်။

ဆီသတ်ပြီးမှ ချက်ထားတာလေးမို့ ငါးအနံ့ပိုပြီး ပျောက်စေတာတော့အမှန်ပါ ချက်စားကြည့်စေချင်ပါတယ်။

ပါဝင်တာလေးတွေက
  • သန့်စင်ပြီး အနေတော်ပိုင်းဖြတ်ထားကာ မွှန်းထားသောပြည်ကြီးငါး - 300g 
  • မညက်တစ်ညက် ထောင်းထားသော ကြက်သွန်နီ - အနေတော် တလုံး
  • မညက်တစ်ညက် ထောင်းထားသော ကြက်သွန်ဖြူ - သုံးမွှာ
  • ညက်နေအောင် ထောင်းထားသောချင်း - လက်တဆစ်ခန့်
  • ဆီ - ထမင်းစားဇွန်း လေးဇွန်း
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
  • ပဲငံပြာရည် - ထမင်းစားဇွန်း တဇွန်း 
  • ငံပြာရည် - ထမင်းစားဇွန်း တဝက်
ငါးအရသာနယ်ရန်
  • ဆား - လက်ဖက်ရည်ဇွန်း တဝက်
  • အရသာမှုန့် လက်ဖက်ရည်ဇွန်း တဝက်သာသာ
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
  • ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်းတဝက်
ဟင်းချက်ရန်
  • ဆီကိုအရင်ဆုံးအပူပေးပြီးဆီပူလာတာနဲ့နနွင်းမှုန့်ထဲ့ပေးပါ
  • ကြက်သွန်နီ ကြက်သွန်ဖြူ ချင်းတို့ကိုထဲ့ပြီးမွှေးလာတဲ့ထိဆီသတ်ပေးပါ
  • အရသာနယ်ထားသောပြည်ကြီးငါးကိုထဲ့ပြီးဆီသတ်ပေးပါ
  • ဆီသတ်ပြီးတာနဲ့ငံပြာရည် နှင့်အရသာမှုန့်တို့ကိုထဲ့ပြီးငါးမှထွက်လာသောရေခမ်းတဲ့ထိတည်ပေးပါ
  • ရေခမ်းကာနီးတာနဲ့ပဲငံပြာရည်ထဲ့ပြီးမွှေပေးပါ
  • ဆီပြန်တာနဲ့ပြည်ကြီးငါးဆီပြန်မွှေးမွှေးလေးရပါပြီ

Wednesday, 23 October 2013

ငံပြာရည်ချက် စပ်စပ်လေး

ငံပြာရည်ချက်စပ်စပ်လေး

မာမာအခုရက်ထဲ ဟင်းလေးတွေမချက်ဖြစ်တာ တော်တော်ကြာသွားခဲ့ပါတယ် ဒီနေ့တော့စိတ်ထဲမှာ စားချင်တဲ့ဟင်းလေးကို ချက်ဖြစ်ခဲ့ပါတယ် ထမင်းကောင်းကောင်း  မစားချင်ခဲ့တဲ့ ရက်တွေအတွက် ခံတွင်းလိုက်စေမဲ့ အရံဟင်းလေးပါ။

ချဉ်ငံစပ်ဆိုရင် ထမင်းစားရတာ မိန်စေတဲ့အတွက် ဒီနေ့အတွက် ငံပြာရည်ချက်လေးတစ်မယ် ချက်လိုက်ပါတယ် တစ်ကယ်လဲ ထမင်းစားလို့မိန်ခဲ့ပါတယ် ထမင်းမိန်မိန်စားချင်လို့ ချက်စားကြည့်မယ်ဆိုရင် ချက်ရလွယ်တဲ့ ငံပြာရည်ချက် ချက်နည်းလေးကို မျှဝေချင်ပါတယ်။

ပါဝင်ရမှာလေးတွေက(သုံးယောက် နှစ်နပ်စာအတွက်)

  • ရေစိမ်ပြီးမညက်တညက် ထောင်းထားသော ပုဇွန်ခြောက်အကောင်ကြီးကြီး - လက်ဖက်ရည်ပန်းကန်လုံးတလုံးခွဲ
  • ငရုတ်သီး အကြမ်းမှုန့် - ထမင်းစားဇွန်း နှစ်ဇွန်း
  • ငံပြာရည် - ထမင်းစားဇွန်း သုံးဇွန်းခွဲ
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း
  • ဆီ - ထမင်းစားဇွန်း သုံးဇွန်း
  • ပါးပါးလှီးထားသောကြက်သွန်နီ - ကြီးကြီး တလုံး
  • အနေတော်စိတ်ထာသော ကြက်သွန်ဖြူ - ငါးမွှာ
ငံပြာရည်ချက်ချက်နည်း
  • မီးအနေတော်နှင့်ဆီကိုအပူပေးပါ
  • ဆီပူလာပါက နနွင်းမှုန့်ကိုအရင်ထဲ့ပြီးမှ ကြက်သွန်နီကို ပျော့သွားတဲ့ထိကြော်ပေးပါ
  • ကြက်သွန်နီပျော့ပြီး မွှေးလာပါက ငရုတ်သီးမှုန့်ကို မွှေးလာတဲ့ထိကြော်ပေးပါ
  • ငရုတ်သီးမှုန့်မွှေးလာတာနဲ့ ပုဇွန်ခြောက်မှုန့်ကိုထဲ့ပြီး နှစ်မိနစ်လောက်မွှေပေးပါ
  • ပြီးလျှင်ငံပြာရည်ထဲ့ပြီး မွှေပေးပါ
  • ငံပြာရည်နံ့သင်းလာပါကရေ မြုပ်အောင်ထဲ့ပြီး အရသာမှုန့်ထဲ့ကာ ရေဆူတဲ့ထိတည်ပေးပါ
  • ဆီကျန်ရေကျန်ထားပြီး အပေါ့အငံမြည်းကာ မီးပိတ်ပေးပါ


ဒီနေ့အတွက်ငံပြာရည်ချက်နှင့်ဟင်းလျာပါ

Friday, 18 October 2013

ငါးပဲငပိ အချိုနှပ်

ငါးပဲငပိအချိုနှပ်




ဒီနေ့ချက်ဖြစ်တဲ့ငါးကြော်နှပ်လေးပါ သီးရွက်စုံနဲ့ပဲငပိထဲ့ထားလို့ထမင်းတော့မိန်စေတာပေါ့နော် ချက်ရတာလွယ်ပါတယ် ဒါပေမဲ့စားလို့ကောင်းတဲ့ဟင်းလေးပါ ရှိတဲ့အသီးအရွက်တွေကိုအဆင်ပြေသလိုထဲ့ချက်ထားတဲ့အတွက် မာမာ့ကလေးတွေပြောသလို ကျန်စုရှင်းငါးကြော်နှပ်ဟင်းလေးပါ :)။
နှစ်သက်ရာငါးလေးနဲ့ကြော်နှပ်လုပ်လို့ရပါတယ် မာမာကတော့ ကကတစ်ငါးလေးနဲ့ချက်ထားပါတယ် ။

ပါဝင်တာလေးတွေက
  • ငါး - 400 g တစ်ကောင်ကိုသန့်ရှင်းအောင်ဆေးပြီး မွှန်းပေးထားပါ
  • ပဲငပိ - ထမင်းစားဇွန်း နှစ်ဇွန်းခွဲ
  • အသီးအရွက်များနှစ်သက်သလိုထဲ့ပါ
  • အကွင်းလိုက်လှီးထားသောကြက်သွန်နီ - အနေတော် တစ်လုံး
  • ဓါးပြားရိုက်ထားသောကြက်သွန်ဖြူ -  သုံး မွှာ
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်းတစ်ဝက်
  • ချင်း - လက်မဝက်ခန့်ပါးပါးလှီးပေးပါ
  • ဆီ - ထမင်းစားဇွန်း လေးဇွန်း
ငါးအရသာနယ်ရန်
  • ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
ကြော်နှပ်ရန်အတွက်
  • ဆီ- လက်ဖက်ရည်အကြမ်းပန်းကန် နှစ်လုံး
  • မီးအနေတော်နှင့်ငါးတစ်ကောင်လုံးကျက်စေရန် ကြော်ပေးပါ
  • ငါးကြော်ကျက်ပါကဆယ်ပြီးဆီစစ်ပေးထားပါ
အသီးအရွက်ကြော်ရန်
  • နောက်ထပ်အိုးအသန့်တစ်လုံးထဲမှာ ဆီထမင်းစားဇွန်းလေးဇွန်းကိုထဲ့ပြီးအပူပေးပါ
  • ဆီပူလာတာနဲ့ကြက်သွန်နီ ကြက်သွန်ဖြူ ချင်းတို့ကိုမွှေးသွားအောင်ကြော်ပေးပါ
  • အသီးအရွက်များနှင့်အရသာမှုန့်ထဲ့ပြီး နှစ်မိနစ်လောက်ကြော်ပေးပါ
  • ပဲငပိထဲ့ပြီးမိနစ်ဝက်လောက်ကြော်ပေးပါ
  • အားလုံးကျက်သွားပါကကြော်ပြီးဆီစစ်ထားသောငါးကြော်ပန်းကန်ထဲသို့ထဲ့ပြီး သုံးဆောင်နိုင်ပါပြီ
ငါးပဲငပိ အချိုနှပ်လေးပါ

Thursday, 17 October 2013

မှို ကန်ဇွန်းရွက်ကြော်

မှို ကန်စွန်းရွက်ကြော်
ဒီအိမ်လေးကို မာမာပြစ်ထားခဲ့တာကြာခဲ့ပြီ သတိရလို့လာလာကြည့်မိပေမဲ့ ဟင်းလေးတွေတင်ဖို့ ပျက်ကွက်နေမိတယ် ဒီနေ့တော့ သတိအရမ်းရတာရယ်ကြောင့် ဒီနေရာလေးကို ခနလာကြည့်ရင်း မှိုနဲ့ကန်ဇွန်းရွက်ကြော်လေး ပို့ထားခဲ့ပါတယ်။

မှိုနဲ့ကန်ဇွန်းရွက်က ကြော်နည်းလေးသိရင်ျကြာ်ရတာလွယ်ပါတယ် ကန်ဇွန်းရွက်အစိမ်းရောင်မပျောက် အောင်ကြော်တဲ့နည်းလေး မျှဝေခဲ့ပါတယ်။


  • မှို 250 gကိုအရင်ဆုံးရေစင်အောင်ဆေးပြီးအနေတော်လှီးထားပေးပါ
  • ကန်ဇွန်းရွက် အနေတော်ဇကာတစ်လုံးစာကို ပိုင်းဖြတ်ပြီးရေဆေးကာ ရေစစ်ပေးထားပါ
  • ကြက်ရင်ပုံသား 50 gလောက်ကို ရေဆေးပြီးခပ်သေးသေး အတုံးလေးများ လှီးထားပေးပါ
ကြော်ရန်အတွက်
  • ဆီ - ထမင်းစားဇွန်း သုံးဇွန်း
  • ဆား - လက်ဖက်ရည်ဇွန်း တဝက်
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တဝက်
  • ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တဝက်မရှိတရှိ
  • ဓါးပြားရိုက်ထားသောကြက်သွန်ဖြူ - သုံးမွှာ
  1. အရင်ဆုံးဆီကို ပူအောင်အရင် တည်ပေးပါ
  2. ဆီပူလာတာနဲ့ ကြက်သားကို အချိုမှုန့် ဆားအနည်းငယ်တို့ ထဲ့ကာသုံးမိနစ်လောက်ကြော်ပေးပါ
  3. ကြက်သားကြက်လျှင် ခနဆယ်ထားပြီး လက်ကျန်ဆီထဲသို့ ဆားကို အရင်ထဲ့ကာလေးငါးချက် လောက်မွှေပြီးကြော်ပေးပါ
  4. ကြက်သွန်ဖြူကို မွှေးလာတဲ့ထိကြော်ပေးပါ
  5. ကြက်သွန်ဖြူမွှေးလာပါက ကြက်သား မှိုနှင့်အရသာများထဲ့ကာ သုံးမိနစ်လောက်ကြော်ပေးပါ
  6. ကန်ဇွန်းရွက်ထဲ့ပြီး လေးငါးချက်လောက် မွှေပြီးကြော်ပေးပါ
  7. ကြော်ပြီးတာနဲ့ပန်းကန်ထဲသို့ ပြောင်းပြီ ငရုတ်ကောင်းမှုန့် ဖြူးကာစားသုံးနိုင်ပါပြီ။