Saturday, 17 August 2013

ကြက်သား အချိုကြော်

ကြက်သားအချိုကြော်
အခုတစ်လော အလုပ်များနေလို့တစ်နေ့တာဟင်းလေးတွေမတင်ဖြစ်တာကြာသွားပြန်ပါတယ် ဒီနေ့တော့ဟင်းအချိုစားတဲ့သူတွေအတွက် ကြက်ပေါင်လေးတွေကိုအရိုးထွင်ပြီးအသားလေးတွေ အနေတော်လှီးကာအချိုကြော်စီးစီးလေးကြော်ထားပါတယ် ။

ပထမဦးဆုံး ကြက်ပေါင်နှစ်ချောင်းကိုရေစင်အောင်ဆေးလိုက်ပါ
ရေဆေးပြီးတာနဲ့အလယ်ရိုးထုတ်ကာအနေတော်အတုံးလေးတွေတုံးပေးပါ အသားလေးတွေခြည်းဘဲရတာနဲ့သကြား ဆားတို့နဲ့နယ်ပေးပြီးငါးမိနစ်လောက်နှပ်ပေးထားပါ
ပြီးမှကော်မှုန့်ကိုအခြောက်အတိုင်းကြက်သားနဲ့လူးပြီးနှစ်မိနစ်လောက်ကြော်ပေးပါမယ်
ကြော်ပြီးသောအသားများကိုဆယ်ပြီးဆီစစ်ထားပါ
ဆီအသစ်ထဲ့ပြီးအရင်ဆုံးဆီပူလာတာနဲ့ကြက်သွန်နီကိုအရင်ထဲ့ပြီးသုံးလေးချက်လောက်မွှေလိုက်ပါ ပြီးမှမုံလာဥနီနဲ့ပန်းဂေါ်ဖီကိုထဲ့ပြီးတစ်မိနစ်လောက်ဘဲကြော်ပေးပြီးမှအသားထဲ့ပြီးနှစ်မိလောက်ပြန်ပေးပြီး နှမ်းထဲ့မွှေပြီးတာနဲ့ကြက်သားအချိုကြော်လေးရပါပြီ။
လိုအပ်တာတွေကတော့
ကြက်သားအရသာနယ်ရန်

  • အရိုးထုတ်ပြီးလှီးထားသောကြက်ပေါင် -  နှစ်ချောင်း
  • သကြား - ထမင်းစားဇွန်း တစ်ဇွန်း
  • ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ကော်မှုန့် - ထမင်းစားဇွန်း နှစ်ဇွန်း
ကြက်သားကြော်ရန် ဆီလက်ဖက်ရည်ပန်းကန်လုံးတစ်ဝက်သာသာ
  • နှမ်း - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  • လေးစိတ်စိတ်ထားသောကြက်သွန်နီ - တစ်ခြမ်း
  • ပါးပါးလှီးထားသောမုံလာဥနီ - အနည်းငယ်
  • အနေတော်လှီးထားသောပန်းဂေါ်ဖီ - အနည်းငယ်
  • ဆီ - ထမင်းစားဇွန်း နှစ်ဇွန်ခွဲ

Monday, 12 August 2013

ခရမ်းခေါင်းသီးနှပ် စပ်စပ်လေး



မာမာဒီနေ့ချက်တဲ့ ခရမ်းခေါင်းသီးနှပ်လေးပါ ရာသီစာလေးလဲ ဖြစ်ရအောင်လို့ စပ်စပ်လေးချက်ထားပါတယ် ရာသီဥတုအေးအေးလေးမှာ ငရုတ်သီးစပ်စပ်လေးနဲ့မှ လိုက်ဖက်မှာမို့ ပုဇွန်ခြောက်မှုန့် အနှစ်များများနဲ့ ချက်ထားတဲ့ ဟင်းချက်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ
  • ခရမ်းခေါင်းသီး - အလုံးကြီးကြီးနှစ်လုံး
  • မညက်တစ်ညက် ထောင်းထားသော ကြက်သွန်ဖြူ - အမွှာ ကြီးကြီးသုံးမွှာ
  • မညက်တစ်ညက် ထောင်းထားသော ကြက်သွန်နီ - ဥကြီးကြီး တလုံး
  • ညက်နေအောင် ကြိတ်ထားသော ပုဇွန်ခြောက်မှုန့် - လက်ဖက်ရည်ပန်းကန်လုံး တလုံး
  • ဆား - လက်ဖက်ရည်ဇွန်း တဇွန်း
  • ငရုတ်သီးအစိမ်းမှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တဝက်သာသာ
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
  • ဆီ - ထမင်းစားဇွန်း နှစ်ဇွန်း




ပြင်ဆင်ပုံ

  • ကြက်သွန်ဖြူ ကြက်သွန်နီ ငရုတ်သီးမှုန့် ဆား အရသာမှုန့် နနွင်းမှုန့်နှင့်ပုဇွန်ခြောက်မှုန့်တို့ကို  ဇလုံတစ်လုံးမှာ ရောနယ်ထားပေးပါ
  •  ခရမ်းသီးကို အညှာမဖြုတ်ဘဲ လေးစိတ်စိတ်ပြီး ရေဆယ်မိနစ်လောက် စိမ်ထားပေးပါ
  •  ပြီးမှရေစစ်ပြီး  အားလုံးရောနယ်ထားသော အစာများကို ခရမ်းသီးစိတ်များကြားထဲ သွပ်ပေးပါ 
  • အစားသွပ်ပြီးသော ခရမ်းသီးများကို ဒယ်အိုးထဲတွင် ရေမြုပ်အောင်ထဲ့ပြီး ဆီထဲ့၍ အဖုံးအုပ်ပြီး တည်ထားပေးပါေ
  • ရခမ်းပြီး ခရမ်းသီး နူးအိသွားရင် ခရမ်းခေါင်းသီးနှပ် စပ်စပ်အိအိလေးကို ထမင်းပူပူလေးနှင့် စားလို့ရပါပြီ။



Sunday, 11 August 2013

ပုဇွန် တန်ပူရာမှုန့်ကပ်ကြော်မွှေးမွှေးလေး

ပုဇွန်ကြော် မွမွလေး

မာမာဒီနေ့တော့ ပုဇွန်ထုတ်လေးကိုတန်ပူရာမုန့်နှစ်လေးနဲ့လှိမ့်ပြီးကြော်ထားပါတယ် စားလို့တော်တော် ကောင်းပါတယ် ပုဇွန်ကြိုက်ပေမဲ့ဒီကပုဇွန်တွေရဲ့အနံ့ကိုမာမာမကြိုက်ပါဘူး ရေချိုပုဇွန်လိုမမွှေးဘဲ ပုဇွန်နံ့ရတဲ့ရေငံပုဇွန်တွေမို့ ချက်တော့ပြုပ်တော့မယ်ဆိုရင်အလုပ်နဲနဲများပါတယ်။
ရေငံပုဇွန်မို့ပုဇွန်ဆီကရေချိုပုဇွန်လိုမျိုးမမွှေးပါဘူး အနံ့နဲနဲရတဲ့အတွက်ပုဇွန်ကိုအရင်ဆုံးရေစင်အောင် အကောင်လိုက်ဆေးပေးရပါတယ် ပြီးမှအမြှီးချန်ပြီးခေါင်းနဲ့အခွံတွေကိုခွာလိုက်ပါတယ် အခွံတွေခွာပြီးရင်ကြောမှခွဲကာအမဲကြောင်းလေးထုတ်ပေးပါတယ် အမဲကြောင်းထုတ်ပြီးတာနဲ့ပုဇွန်အားလုံး ကိုရေအေးအေးနဲ့လှုပ်ပြီး ဆေးပေးရပါတယ် ရေဆေးပြီးရေကိုစင်အောင်ဇကာထဲကာရေစစ်ပေးရ ပါတယ် ရေစစ်ပြီးမှကြော်ဖို့ပြင်ရပါတယ် ဒါမှရေငံပုဇွန်ကြော်အနံ့ပျောက်မှာဖြစ်ပါတယ်။
ကြော်ဖို့ပြင်တဲ့အခါမှာတော့

  • သန့်စင်အောင်ဆေးကြောကာရေစစ်ထားသောပုဇွန်ထုတ် - ဆယ်ကောင်
  • ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  • တန်ပူရာအကြော်မှုန့် - ထမင်းစားဇွန်း နှစ်ဇွန်းသာသာ
  • ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  • ဆီ - လက်ဖက်ရည်ပန်းကန် တစ်လုံး
  1. ရေစစ်ထားသောပုဇွန်ကိုဆားအရသာမှုန့်နှင့်ငရုတ်ကောင်းမှုန့်တို့နှင့်ရောပြီးနယ်ပေးပါ
  2. အားလုံးနယ်ပြီးသွားပါကတန်ပူရာမှုန့်အခြောက်ထဲမှာထဲ့ပြီးအမှုန့်များကပ်သွားအောင်လူးပေးပါ
  3. တန်ပူရာမှုန့်များလူးပြီးပါကမီးအနေတော်နှင့်အပူပေးထားသောဆီပူပူမှာကြော်ပါမယ်
  4. တစ်ဖက်အရောင်ပြောင်းသွားလျှင်နောက်တစ်ဖက်သို့လှန်ပေးပြီးနှစ်ဖက်လုံးအရောင်ပြောင်းသွားရင်ရပါပြီ
  5. ပုဇွန်အကွေးငါးအနွေးမို့ကြော်ချိန်နှစ်မိလောက်ဆိုရင်ပုဇွန်တန်ပူရာမှုန့်ကပ်ကြော်မွှေးမွှေးလေးရပါပြီ

Friday, 9 August 2013

ပဲကပ်ကြော် ရွရွအိအိလေး

ပဲကပ်ကြော်ရွရွ အိအိလေး

မာမာဒီနေ့တော့ပဲကပ်ကြော်လေးကြော်ထားပါတယ် အသားကောင်းကောင်းမစားတဲ့ကလေးအတွက် ရှာကြံချက်ရတဲ့ဟင်းလေးဆိုပါတော့ ဝါတွင်းကာလသတ်သတ်လွတ်စားချင်သူတွေအတွက်လဲ အဆင်ပြေတဲ့အကြော်လေးမို့မျှဝေလိုက်တာပါ ကြော်ရတာလွယ်ပါတယ်။

မာမာဟင်းချက်ရင်ခက်ခက်ခဲခဲနဲ့ချက်ရတဲ့ဟင်းတွေချက်ခဲပါတယ် စားလို့လဲကောင်းနေရမယ် အိမ်တစ်ခုရဲ့မီးဖိုဆောင်မှာအလွယ်လဲရှိနေတယ်ဆိုတဲ့ပစ္စည်းတွေနဲ့ဘဲချက်တာများပါတယ်
များသောအားဖြင့်အိမ်ရှင်မတွေကအလုပ်များကြတာများပါတယ် ဒါကြောင့်မို့လွယ်လွယ်နဲ့စားကောင်းမဲ့ ဟင်းအမယ်လေးတွေဘဲ မြန်မြန်ချက်ချင်ကြမှာပါ မာမာကိုယ်တိုင်လဲအမယ်တွေများပြီးရှာရခက်တဲ့ ဟင်းချက်စရာတွေနဲ့ချက်ရတာကိုသိပ်ဝါသနာမပါတာလဲပါ ပါတယ် ဒါကြောင့်မို့ဒီနေ့လဲအိမ်တစ်အိမ်ရဲ့ မီးဖိုဆောင်မှာအလွယ်ရှိတတ်တဲ့ပစ္စည်းလေးတွေနဲ့ဘဲ စားကောင်းတဲ့ပဲကပ်ကြော်လေးကြော်ထားပါတယ်။
ကြော်ကြည့်ဖို့ပြင်ကြရအောင်ပါနော်

  • ကောက်ညှင်းမှုန့် - ထမင်းပေါင်းအိုးဆန်ချင်ခွက် နှစ်ခွက်မောက်မောက်
  • ဆန်မှုန့် - ထမင်းပေါင်းအိုးဆန်ချင်ခွက် တဝက်သာသာ
  • ရေ - ထမင်းပေါင်းအိုးဆန်ချင်ခွက် တစ်ခွက်နှင့်လက်တလုံး
  • တစ်ညအိပ်ရေစိမ်ထားသောပဲခြမ်း - ထမင်းပေါင်းအိုးဆန်ချင်ခွက် တခွက်နှင့်တဝက်သာသာ
  • မညက်တစ်ညက်ထောင်းထားသောချင်း - တလက်မ မရှိတရှိ
  • မညက်တစ်ညက်ထောင်းထားသောကြက်သွန်ဖြူ - အမွှာကြီးကြီး ငါးမွှာ
  • ဆား - လက်ဖက်ရည်ဇွန်း တဝက်မရှိတရှိ
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တဝက်မရှိတရှိ
  • ဆီ - လက်ဖက်ရည်ပန်းကန်လုံး နှစ်လုံး
  • ရေကိုနဲနဲချင်းထဲ့ပြီးနှဲပေးပါ အရမ်းမပျော့အောင်ဆန်မှုန့်အပေါ်ကြည့်ပြီးထဲ့ပေးပါ။

ချင်း ကြက်သွန်ဖြူ ဆားနှင့်အရသာမှုန့်တို့ရောကာအရသာနယ်ထားသောကောက်ညှင်းမှုန့်နှင့်ရေစိမ်ထား သောပဲခြမ်း

မုန့်နှစ်ကိုကွမ်းသီးလုံလောက်အရင်လုံးပြီးမှ လက်ဝါးပေါ်တင်ပြီးလက်မလေးနဲ့ပြားပေးးပါ ပြီးမှနှစ်ဖက်စလုံးကိုပဲခြမ်းနှင့်ကပ်ပေးပါ

မီးအနေတော်နှင့်အပူပေးထားသော ဆီပူမှာကြော်ပေးပါ တစ်ဖက်ကျက်လျှင်တစ်ဖက်ကိုလှန်ပေးပါ ပဲခြမ်းနှင့်မုန့်သားများအရောင်ပြောင်းလာပြီး ရွရွလေးဖြစ်လာမှဆယ်ပြီးဆီစစ်ပေးပါ

မွမွနဲ့ရွရွအိအိလေးဖြစ်နေတဲ့ပဲကပ်ကြော်လေးရပါပြီ

Friday, 2 August 2013

အာလူးခြစ်ကြော် မွမွအိအိလေး

အာလူးခြစ်ကြော် မွမွအိအိလေး
အာလူးခြစ်ကြော်မွမွလေးကြော်ပါတယ် အာလူးကြိုက်သူတွေအတွက်နှစ်သက်မဲ့အကြော်လေးပါ မွမွအိအိလေးမို့စားလို့လဲအရမ်းကောင်းပါတယ် အကုန်အကျလဲသက်သာအာဟာရလဲပြည့်ဝတဲ့ အကြော်လေးပါ ကြော်ရတာလဲအရမ်းလွယ်ပါတယ်အချိန်ကုန်လဲသက်သာပါတယ်။
ငရုတ်ကောင်းနံ့ထောပတ်နံ့သင်းသင်းလေးမို့စားလို့လဲကောင်းပါတယ် ထောပတ်မနှစ်သက်သူတွေ ကတော့ထောပတ်အစားရိုးရိုးဆီနဲ့ကြော်လို့ရပါတယ်။
ကြော်ကြည့်ရအောင်နော်
ပါဝင်ရမှာလေးတွေကတော့

  • အနေတော်အာလူး - နှစ်လုံး
  • ကြက်သွန်မိတ် - အရွက် လေးရွက်
  • ထောပတ် - ထမင်းစာဇွန်း တစ်ဇွန်းခွဲ
  • ဆား လက်ဖက်ရည်ဇွန်း တစ်ဝက်မရှိတစ်ရှိ
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ


အာလူးဖြစ်ကြော်ရန်လိုအပ်သောပစ္စည်းများ

အာလူးကိုအခွံခွာပြီး အသီးခြစ်သောဂျစ်လေးနှင့်ခြစ်ပေးပါ ကြက်သွန်မိတ်ကိုအနေတော် ပိုင်းဖြတ်ပေးပြီးလိုအပ်သောအစာများထဲ့ပေးပါ

 ဇလုံကျယ်ကျယ်တစ်လုံးထဲမှာအားလုံးကိုရောပြီး အရည်များမထွက်စေရန်ဖွဖွလေးနယ်ပေးပါ

အောက်ခြေမကပ်သောဒယ်အိုးထဲသို့ ထောပတ်အနည်းငယ်ထဲ့ကာ နယ်ထားသောအာလူးခြစ်ကိုလက် ငါးချောင်းနှင့် ဖွဖွလေးယူပြီး ထောပတ်ပျော်လာတာနဲ့ခပ်ထူထူလေးဖြန့်ပြီးနဲ့ထဲ့ပေးပါ တစ်ဖက်ကျက်လျှင် တစ်ဖက်သို့ အသာအယာလှန်ပေးပြီးနောက်တစ်ဖက်ကျက်ပါကဆယ်ပေးပါ အနေတော်အာလူးနှစ်လုံး ကိုအာလူးမွမွကြော်သုံးချပ်ရပါတယ်။

Thursday, 1 August 2013

သီးစုံ ကွေကာအုပ်

ကွေကာအုပ်

ဒီနေ့တော့ ဆီးချိုသမားတွေအတွက် စပါယ်ရှယ်အစာလေးတစ်ခုကို မာမာလုပ်ထားပါတယ် မာမာကိုယ်တိုင် ဆီးချိုရှိပေမဲ့ အစာကိုသိပ်ပြီးရှောင်လေ့မရှိပါဘူး ကြုံသလိုစားမိတာက များပါတယ်။

ဒါပေမဲ့ တရားလွန်တော့ မဟုတ်ဘူးပေါ့နော် အာသာပြေပေါ့လေ တစ်ခါတစ်လေ စိတ်ကူးရရင်တော့ ရသလို ဆီးချိုဝေဒနာရှင်တွေအတွက် သင့်တင့်မဲ့ အစာကိုလုပ်စားဖြစ်ပါတယ်။

ဒီနေ့တော့ ကွေကာအုပ်လေးကို ပျားရည် ဌက်ပျောသီး သစ်တော်သီး သစ်ဂျပိုးမှုန့် နို့တို့နဲ့အတူရောပြီး ကျိုထားပါတယ် ဆီးချိုသမားတွေအတွက် ပြင်ဆင်ထားတဲ့ အစာလေးမို့ လွယ်လင့်တစ်ကူ လုပ်စားနိုင်ပါတယ် ဆီးချိုဝေဒနာရှင်တွေ အတွက်ဆိုပေမဲ့ သာမာန်လူတွေလဲ စားသုံးလို့ရပါတယ်။

ဒီအထဲမှာပါဝင်တဲ့ အာဟာရဓါတ်တွေရဲ့ ရာခိုင်နူံးတွေကတော့

  1. Energy - 1066 KJ
  2. fat - 5g
  3. Saturated fat - 2g
  4. Sodium - 77mg
  5. Fibre - 3g
  6. Carbohydrate - 44g ပါဝင်ပါတယ်။

ပြင်ဆင်ချိန်နဲ့ ကျိုတဲ့အချိန်ကကတော့ ဆယ့်ငါးမိနစ်ဘဲကြာပါတယ်
ပါဝင်ရမှာလေးတွေက

  • 1 1/3cup(125g) rolled oats
  • 2 cups (250g) low fat milk
  • 1 3/4cups (450ml) water
  • 1 medium banana,peeled and sliced
  • 4 tablespoons yellow box honey
  • 1 tablespoon cinnamon
  • 1 medium green pear,peeled,cored and diced
ကွေကာအုပ်ကျိုဖို့ပြင်ပါမယ်
  1. ကွေကာအုပ် ရေ နို့နှင့် လှီးထားသော သစ်တော်သီးတို့ကို မိုက်ခရိုဝေ့မီးဖိုသုံး အိုးလေးထဲမှာထဲ့ပါမယ်
  2. အဖုံးအုပ်ပြီး တစ်မိနစ်ခွဲလောက် အရင်ထဲ့ပေးပါမယ်
  3. အပြင်ထုတ်ပြီး မွှေပေးကာ ဆက်ပြီးမီးဖိုထဲ ပြန်ထဲ့ပေးပါ
  4. ကိုးမိနစ်လောက် ဆက်ထဲ့ပြီးတည်ပေးပါ
  5. နောက်ဆုံးမှ လှီးထားသော ဌက်ပျောသီးနှင့် ပျားရည်တို့ကို ထဲ့ပြီးမွှေပေးပါ
  6. ပြီးရင် cinnamonအမှုန့်ဖြူးပြီး စားသုံးနိုင်ပါပြီ။