Saturday, 29 June 2013

ပုဇွန်ထုတ် အချိုကြော်

ပုဇွန်ထုတ်ကြော်

မာမာအခုရက်ထဲ အလုပ်တွေများနေလို့ ပုံတွေတင်တာနည်းပေမဲ့ ချက်နည်းလေးတွေတော့ မာမာရေးပါ့မယ် ဓါတ်ပုံအဆင့်ဆင့်ရိုက်ဖို့ အချိန်မရတဲ့အတွက်ပါ ဒီန့လဲ မာမာပုဇွန်အချိုလေးကြော် ထားပါတယ် ရေငံပုဇွန်မို့လို့ ကြော်ရတာနဲနဲခက်ပါတယ် မာမာကရေငံပုဇွန်ရဲ့ အနံ့ကိုသိပ်မကြိုက်ပါဘူး။

ရေချိုပုဇွန်ကခေါင်းနဲ့ခေါင်းထဲက ပုဇွန်ဆီကမွှေးပေမဲ့ ရေငံပုဇွန်ရဲ့ခေါင်းထဲကအဆီက မမွှေးပါဘဲ ညှီတဲ့ဘက်ကို အနံ့ရှိတာမို့ အဲဒီအနံ့ပျောက်အောင် ပုဇွန်ခေါင်းတွေဖြုတ်ကာ ဖယ်ပြီးမှကြော်ပါတယ်။

အခွံတွေခွာပြီးတဲ့အခါမှာတော့ ပုဇွန်ကိုရေအေးအေးလေးနဲ့ သေသေချာချာ ပြန်ပြီးဆေးပြီးမှ အရသာနယ်ကာကြော်လိုက်မှသာ ရေငံပုဇွန်ရဲ့အနံ့ကပျောက်ပါတယ်။

မာမာကြော်တဲ့နည်းလေး မျှဝေပါမယ်

ဟင်းတစ်ပွဲစာအတွက်ပါ

  • အခွံခွာပြီးခေါင်းဖြုတ်ကာ ကြောမှခွဲပြီးအမဲကြောင်း ထုတ်ထားသောပုဇွန်ထုတ် - ဆယ့်နှစ်ကောင်
  • ပါးပါးလှီးထားသော ကြက်သွန်နီ - ဥကြီးကြီးတလုံး
  • မညက်တစ်ညက်ထောင်းထားသော ကြက်သွန်ဖြူ - သုံးမွှာ
  • ဆီ - လက်ဖက်ရည်ပန်းကန်လုံး တဝက်သာသာ
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
  • ပဲငံပြာရည် - ထမင်းစားဇွန်း တဝက်သာသာ
ပုဇွန်အရသာနယ်ရန်
  • ငံပြာရည် - ထမင်းစားဇွန်း တဇွန်း
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
  • ဆား - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တဝက်သာသာ
မီးအနေတော်နဲ့ ဆီကိုအပူပေးကာ ဆီပူလာလျှင်နနွင်းမှုန့်ကိုထဲ့ပြီး ကြက်သွန်နီကိုနွမ်းသွားအောင် အရင်ကြော်လိုက်ပါ ကြက်သွန်နီနွမ်းလာပါက ကြက်သွန်ဖြူကို ထဲ့ကြော်ပေးပါ ကြက်သွန်ဖြူအနံ့လေးမွှေး လာတာနဲ့ အရသာနယ်ထားသော ပုဇွန်ကိုထဲ့ကြော်ပေးပါ သုံးမိနစ်လောက်ကြော်ပြီးတာနဲ့ ပဲငံပြာရည်ထဲ့ပြီး မွှေပေးပါ ဆီကျွတ်ကျွတ်မြည်လာလျှင် ပုဇွန်အချိုကြော်လေးရပါပြီ။

သပြုသီးငါးပိချက် ချဉ်ငံစပ်

သပြုသီးငပိချက်
ထမင်းမိန်စေတဲ့ သပြုသီးငါးပိချက်လေးပါ ချက်စားကြည့်မှ အရသာသိတာမို့ သပြုသီးလေးရရင် တစ်ခါလောက်တော့ ချက်စားကြည့်စေချင်ပါတယ် ချဉ်ဖြုံ့ဖြုံ့လေးနဲ့မို့ ထမင်းကိုအရမ်းမိန်စေပါတယ်။

သပြုသီး

အသီးကိုထက်ခြမ်းခွဲပြီး အသားဖတ်လေးများ ခွာယူပေးပြီး ပြုပ်ပေးပါ
ပါဝင်ပစ္စည်း
  • နှစ်မိနစ်လောက်ပြုပ်ပြီး အသားထွင်ထားသောသပြုသီး - ဟင်းပြင်ပန်းကန်အသေး တစ်လုံးစာ
  • ငရုတ်သီးလုံးခြမ်းခွဲ - ထမင်းစားဇွန်း နှစ်ဇွန်း
  • ပါးပါးလှီးထားသော ကြက်သွန်နီ -  ဥကြီးကြီးတစ်လုံး
  • ပုဇွန်ခြောက်မှုန့် - လက်ဖက်ရည်ပန်းကန် နှစ်လုံးစာ
  • ကြက်သွန်ဖြူ - ငါးမွှာ
  • ဆီ - ထမင်းစားဇွန်း သုံးဇွန်း
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  • ငံပြာရည် - ထမင်းစားဇွန်း သုံးဇွန်း
  • ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
ပြင်တင်ပုံ

  • ဆီပူလာလျှင် နနွင်းမှုန့်ကိုထဲ့ပြီး ကြက်သွန်နီကို အရင်ကြော်လိုက်ပါ
  • ကြက်သွန်နွမ်းသွားပါက ငရုတ်သီးလုံးခြမ်းခွဲကို မွှေးလာတဲ့ထိ ဆီသတ်ပေးပါ
  • ပုဇွန်ခြောက်မှုန့်နှင့်အတူ သပြုသီးပြုပ် ငံပြာရည် ဆား အရသာမှုန့်တို့ကို ထဲ့ပြီးမွှေပေးပါ
  • ရေမြုပ်အောင်ထည့်ပြီး သပြုသီးနူးအောင် တည်ပေးပါ
  • သပြုသီးနူးပါက အရသာမြည်းပြီး မီးပိတ်ပေးကာ ကြက်သွန်ဖြူကို ထဲ့မွှေပေးပြီးရင် သပြုသီးငပိချက် ချဉ်ငံစပ်လေးရပါပြီ။

ကြက်ရင်ပုံသား အိုးပူတိုက်


ကြက်ရင်ပုံသား အိုးပူတိုက်
ဟင်းကိုဆီတွေနဲ့ ချက်တာမစားချင်လို့ ထောပတ်ဆီလေးနဲ့ အိုးကင်းပူလေး တိုက်ထားပါတယ် အရသာမွှေးမွှေးလေးမို့ ထမင်းနဲ့စားလို့ကောင်းသလို ရေနွေးကြမ်းလေးနဲ့လဲ လိုက်ဖက်ပါတယ် အိုးကင်းပူတိုက်ထားတဲ့အတွက် အနံ့လေးကအရမ်းသင်းပါတယ် ထောပတ်မရှိရင်လဲရိုးရိုး ဆီလေးနဲနဲစီထဲ့ပြီးတော့ အိုးကင်းပူတိုက်လို့ရပါတယ် ကထိကထမများလို့ လုပ်စားကြည့်စေချင်ပါတယ်။

ဟင်းတစ်ပွဲစာအတွက် ပါဝင်ရမှာလေးတွေကတော့
  • လက်တလုံးလောက်မရှိတရှိ အထူလှီးထားသော ကြက်ရင်ပုံသား - အနေတော် ဆယ်ခု
  • ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တဝက်
  • ထောပတ် - အနည်းငယ် 
  • သံပုရာသီး - တခြမ်း
  • နံနံပင် - အနည်းငယ်
  1. ကြက်သားကိုဆား အရသာမှုန့်တို့နှင့်နယ်ပြီး ငါးမိနစ်လောက်နှပ်ထားပေးပါ
  2. မကပ်သော ဒယ်အိုးတစ်လုံးကို မီးအနေတော်နှင့်အပူပေးပါ
  3. ဒယ်အိုးပူလာပါက ထောပတ်အနည်းငယ်ထဲ့ပြီး ကြက်သားကို တခုခြင်းထဲ့ပေးပါ
  4. တဖက်ကျက်လျှင် တဖက်ကိုလှန်ပေးပါ
  5. ကြက်ရင်ပုံသား အရောင်ပြောင်းလာလျှင် အိုးပူတိုက်တာလေးရပါပြီ
  6. နံနံပင် သံပုရာရည် ညှစ်ပြီး ကြိုက်နှစ်သက်သလို စားသုံးနိုင်ပါပြီ

ကြက်ရင်ပုံသားပဲငပိ အသီးအရွက်ကြော်

ကြက်ရင်ပုံသားပဲငပိ အသီးအရွက်စုံကြော်
ဒီနေ့တော့ပါးစပ်အရသာကို အာရုံတစ်မျိုးပြောင်းထားပါတယ် ကြက်ရင်ပုံသားလေးတွေကိုပါးပါးလှီးထားပြီး ပဲငပိလေးအဓိကထဲ့ပြီးကြော်ထားပါတယ် ပဲငပိနံ့မွှေးမွှေးလေးနဲ့မို့စားရတာတော့တော်တော်လေးကောင်း ပါတယ် အခုရက်ထဲမှာမာမာအလုပ်နဲနဲများနေလို့ ဓါတ်ပုံအဆင့်ဆင့်မရိုက်နိုင်ခဲ့ပါဘူး ဒါကြောင့်မို့ ကြော်နည်းလေးကိုတော့ တဆင့်ဆီရေးပေးထားတယ်။

ဟင်းတစ်ပွဲစာအတွက် လိုအပ်တာတွေအားလုံးကိုစပြီးပြင်ပါမယ်
  • ပါးပါးလှီးထားသောကြက်ရင်ပုံသားအနေတော်  - ဆယ့်ငါးခု
  • ပါးပါးလှီးထားသောမုံလာဥနီ - လက်ဖက်ရည်ပန်းကန် တစ်လုံးစာ
  • အနေတော်လှီးထားသောဘရိုကိုလီ - လက်ဖက်ရည်ပန်းကန် တစ်လုံးမောက်မောက်
  • အနေတော်လှီးထားသောပန်းဂေါ်ဖီ - လက်ဖက်ရည်ပန်းလုံး တစ်လုံးမောက်မောက်
  • အနေတော်လှီးထားသောcelery - ဟင်းပြင်ပန်းကန်အသေး တစ်လုံးစာ
  • ဓါးပြားရိုက်ထားသောကြက်သွန်ဖြူ - လေးမွှာ
  • ပဲငပိ - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
  • ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  • ပဲငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
  • ဆီ - ထမင်းစားဇွန်း သုံးဇွန်း
ပထမဆုံးဆီပူလာအောင်တည်ပေးပါ 
ဆီပူလာပါကကြက်သားကိုအရင်ထဲ့ပြီး နှစ်မိနစ်လောက်ကြော်ပေးပါ
ကြက်သားမာလာပါကရေအနည်းငယ်ထဲ့ပြီး ရေခမ်းအောင်တည်လိုက်ပါ
ရေခမ်းသွားပါကကြက်သွန်ဖြူကိုထဲ့ပြီးကြော်ပေးပါ
ကြက်သွန်ဖြူနွမ်းသွားပါက အသီးအရွက်များ ဆားနှင့်ဟင်းချိုမှုန့်တို့ကိုထဲ့ပေးပါ
မိနစ်ဝက်လောက်ကြော်ပြီးတာနဲ့ရေ အနည်းငယ်နှင့်ပဲငပိတို့ကိုထဲ့ပြီးဆက်ကြော်ပေးပါ
ရေပွက်ပွက်ဆူလာပါကပဲငံပြာရည်ထဲ့ပြီး အပေါ့အငံမြည်းပြီးမီးပိတ်ပေးပါ
အရသာကောင်းမွန်တဲ့ပဲငပိကြက်သား အသီးအရွက်ကြော်လေးရပါပြီ။

Friday, 28 June 2013

ပုဇွန်ထုတ် မုန့်ညှင်းကြော်

ပုဇွန်မုန့်ညှင်းကြော်
ဒီနေ့ကြော်ဖြစ်တဲ့ မုန့်ညှင်းကြော်လေးပါ ကြော်ရတာ လွယ်သလောက် ထမင်းပူပူလေးနဲ့ဆို ထမင်းအရမ်းမိန်တဲ့  ဟင်းတစ်မယ်ပါ အသီးအရွက်ကြိုက်သူတို့အတွက် အရမ်းကောင်းတဲ့ ဟင်းလေးပါ မာမာကတော့မုန့်ညှင်းဆို ဘယ်လိုမုန့်ညှင်းဘဲဖြစ်ဖြစ် အရမ်းကြိုက်တာမို့ ရရာအသားနဲ့ ကြော်ကြော်စားတတ်ပါတယ်။

မုန့်ညှင်းရွက်က သတ်သတ်လွတ်လေးလဲ ကောင်းတာမို့ အသားမရှိရင် ဒီအတိုင်းလေးလဲ အဆင်ပြေပါတယ် လွယ်ကူမြန်ဆန်တဲ့ ဟင်းတစ်မယ်မို့ ကြော်စားကြည့်စေချင်ပါတယ်။

ပါဝင်ပစ္စည်းများ
  • အနေတော်ပိုင်းဖြတ်ထားသော မုန့်ညှင်း -  သုံးပင်
  • အခွံချွတ်ခေါင်းဖြုတ်ကာ ကြောမှထက်ခြမ်းခွဲပြီး အမဲကြောင်းထုတ်ထားသော ပုဇွန်ထုတ် - ဆယ့်ငါးကောင်
  • ဓါးပြားရိုက်ထားသော ကြက်သွန်ဖြူ - လေးမွှာ
  • ဆီ - ထမင်းစားဇွန်း နှစ်ဇွန်း
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
  • ဆား -လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တဝက်
  • ငရုတ်ကောင်းမှုန့် - အနည်းငယ်
ကြော်ရန်
  • မီးပြင်းပြင်းနဲ့ ဆီကိုအပူပေးပြီး နနွင်းမှုန့်ကို အရင်ထဲ့လိုက်ပါ
  • ဆီပူလာရင် မီးရှိန်နဲနဲ ထပ်လျှော့လိုက်ပြီး ကြက်သွန်ဖြူကို မွှေးသွားအောင်ကြော်လိုက်ပါ
  • ကြက်သွန်ဖြူမွှေးသွားပါက ပုဇွန်ကိုထဲ့ပြီး တစ်မိနစ်လောက်ကြော်လိုက်ပါ
  • ပုဇွန်အသားများ လိပ်သွားပါက မုန့်ညှင်းရွက် ဆားနှင့်အရသာမှုန့်တို့ကို ထဲ့ပြီးကြော်ပေးပါ
  • မုန့်ညှင်းရွက်များနွမ်းလာပါက ပန်းကန်ထဲသို့ပြောင်းပေးပြီး ငရုတ်ကောင်းမှုန့်ဖြူးပေးပါ
  • အားလုံးပြီးသွားပါက အရသာချိုချို ငရုတ်ကောင်းနံ့သင်းတဲ့ မုန့်ညှင်းရွက်ကြော်လေးရပါပြီ။

Saturday, 22 June 2013

သတ်သတ်လွတ် ကင်မ်ချီ



မာမာ ဒီနေ့တော့ သတ်သတ်လွတ် ကင်မ်ချီလေး လုပ်ဖြစ်ပါတယ် အသားဟင်း မစားတဲ့သူတွေအတွက် အရမ်းကောင်းတဲ့ ကင်မ်ချီလေးပါ သတ်သတ်လွတ် ကင်မ်ချီကို ထမင်းပူပူလေးနဲ့ စားနိုင်သလို ထမင်းကြော် ပူပူလေးနဲ့လဲ စားနိုင်ပါတယ်။

တစ်ခါတလေ ခေါက်ဆွဲပြုပ်လေးနဲ့ စားရတာကိုနှစ်သက်တဲ့အတွက် မကြာခန လုပ်တတ်တဲ့ ကင်မ်ချီလုပ်နည်းလေး မျှဝေလိုက်ပါတယ် လုပ်ရတာလွယ်သလောက် စားလို့ကောင်းတဲ့ ကင်မ်ချီလေးပါ ။


သတ်သတ်လွတ် ကင်မ်ချီအတွက် လိုအပ်တာလေးတွေပါ



မုန့်ညှင်းဖြူထုတ်ကို လိုသလောက်လှီးပြီး ဆားရည်မှာ သုံးနာရီလောက်
စိမ်ပေးထားပါတယ် သခွားသီး မုံလာဥနီ ကြက်သွန်မိတ်တို့ကို ရေဆေးပြီး
အနေတော်လှီးပေးပါ ဆားရည်စိမ်ထားသော မုန့်ညှင်းဖြူ များနွမ်းလာလျှင်
မုန့်ညှင်းဖြူရွက်များကို ရေစင်အောင်ဆေးပြီး ရေစစ်ကာ ဆားထမင်းစားဇွန်း
တစ်ဇွန်း သကြား ထမင်းစားဇွန်းတစ်ဇွန်း  ဗီနီကာထမင်းစားဇွန်းလေးဇွန်းနှင့်
ငရုတ်သီးအရောင်တင်မှုန့် ထမင်းစားဇွန်းတစ် ဇွန်းတို့ကို ဇလုံတစ်လုံးထဲမှာ
အားလုံးကိုရောပြီး ထဲ့ပါတယ်


အားလုံးကိုအရသာဝင်အောင် ရောနယ်ပြီး လေလုံဗူးထဲထဲ့ကာ
နှစ်ရက်လောက်အပြင်မှာ ထားပြီးနောက်ပိုင်း ရေခဲသေတ္တာထဲမှာ ထားကာ
တာရှည် စားသုံးလို့ရပါတယ်။

Wednesday, 12 June 2013

ပုဇွန်ကြက်သား ဆုတ်လုံးကြော်

ပုဇွန်ကြက်သားဆုတ်လုံးကြော်
မာမာတို့မနေ့ကကြော်စားဖြစ်တဲ့အကြော်လေးပါ ပထမရက်ကဂျပန်ဆိုင်ကဝယ်စားတာလေးကိုကြိုက်လွန်း လို့ မနေ့ကကိုယ့်ဘာသာကိုယ်အိမ်မှာကြော်စားကြည့်တာပါ  ကြက်သားအရသာလေးက ဝါးလိုက်ရင် ထုတ်ထုတ်အိအိလေးမို့ စားလို့အရမ်းကောင်းပါတယ် ပုဇွန်အရသာကတော့နဂိုထဲကကောင်းပြီးသားမို့ ပြောစရာမလိုလောက်အောင်ကိုကောင်းနေတာပေါ့နော် မာမာတော့ထမင်းနဲ့မစားဘဲဒီတိုင်းလေးဘဲစား လိုက်တာ စားကေင်းလွန်းလို့ မနဲဘရိတ်အုပ်ယူရပါတော့တယ်။

ပုဇွန်ကြက်သားဆုတ်လုံးကြော်လေးကြော်ဖို့ပြင်ပါမယ်
ကြက်သားကိုအရသာအရင်နယ်ပါမယ်

  • နုတ်နုတ်စင်းထားသောကြက်သား - 300 g 
  • ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  • ကော်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်းခွဲနှင့်အားလုံးကိုရောပြီးနယ်ပေးထားပါ

  • ပွနေအောင်ခလောက်ထားသောကြက်ဥ - တစ်လုံး
  • အခွံခွာပြီးကြောမှ အမဲကြောင်းလေးထုတ်ထားသောပုဇွန်ထုတ် - 300 g 
  • Panko Bread Crumbs - 100 g


ပုဇွန်နှင့်ကြက်သားစပြီး ဆုတ်ကာလုံးပါမယ်

  • ပုဇွန်တစ်ကောင်ကိုယူပြီးကြက်ဥထဲမှာအရင်နှစ်ပေးပါ
  • ကြက်သားစင်းပြီးသားနဲနဲနှင့်ပုဇွန်ကိုဆုတ်ပြီးလုံးပေးပါ
  • ပြီးလျှင်Panko Bread Crumbs အမှုန့်ထဲတွင်လူးပေးပြီး ခပ်ဖွဖွလေးဆုတ်ပေးပါ


အားလုံးပြီးသွားလျှင်ကြော်ပါမယ်

  • ဆီ လက်ဖက်ရည်ပန်းကန်လုံးတစ်လုံးခွဲလောက်ထဲ့ပြီး မီးအနေတော်နှင့်အပူပေးထားပါ
  • ဆီပူလာလျှင်မီးရှိန်ကိုရှော့ပြီးမီးအေးအေးနှင့်ပုဇွန်ကြက်သားဆုတ်လုံးလေးများကိုကြော်ပေးပါ
  • အားလုံးရွှေဝါရောင်သန်းသွားလျှင်ဆယ်ပြီးဆီစစ်ပေးထားပါ


ဆီစစ်သွားပါက နှစ်သက်ရာအချဉ်နှင့်တွဲဖက်၍စားသုံးနိုင်ပါတယ်

Tuesday, 4 June 2013

Scones


Scones
အိမ်မှာ ဈေးလဲမသွားဖြစ် မုန့်လဲကုန်နေတဲ့နေ့ဆို ခလေးကသူ့ဘာသာသူမုန့်လေးတွေလုပ်တတ်ပါတယ် မာမာက သူ့လောက်စိတ်မရှည်တတ်သူမို့ မုန့်လုပ်ရမှာတော့အင်မတန်မှပျင်းပါတယ် သူလုပ်ပြီးရင်တော့ ရှေ့ဆုံးကနေအားပေးတတ်ပါတယ် သူတော်တော်လေးစိတ်ရှည်တယ် အသေးစိတ်က အစလုပ်တတ်တာမို့ မာမာတော့ သူ့ကိုတိတ်တိတ်လေးချီးကျူးမိပါတယ်။

အရင်တစ်ခေါက်ကတော့ စပျစ်သီးခြောက်လေးတွေနဲ့လုပ်ထားလို့ စားရတာ ချဉ်ဖြုံ့ဖြုံ့လေးနဲ့အရသာက တစ်မျိုးလေးကောင်းပါတယ် ဒီနေ့လုပ်တဲ့မုန့်လေးကတော့ အပေါ်ကအချိုအရသာလေးတင်ထားပြီး မုန့်သားကစိမ့်စိမ့်လေးမို့ သူကလဲအရသာတစ်မျိုးထူးပါတယ် မာမာကတော့ သူလုပ်ကျွေးသမျှမုန့် လေးတွေကို ကြိုက်လွန်းလို့အမြဲတမ်း အားရပါးရအားပေးလေ့ရှိပါတယ်။

လုပ်ရတာလဲလွယ်ပါတယ် လုပ်စားကြည့်မယ်ဆိုရင်တော့ သူလုပ်တဲ့နည်းလေးအတိုင်း မာမာရေးပေး မယ်နော်။
  •  2cups - self-raising flour
  • 20g - better
  • 1tbs - castor sugar
  • 190ml - milk
  • 1 - egg
  • 1tsp - salt
Cream အတွက်ကျိုရန်အတွက်
  • 5tbs - thickened cream 
  • 1/3tsp - vinalar
  • 1tbs - caster sugar(အားလုံးကိုရောပြီး စေးပျစ်လာတဲ့ထိကျိုပေးပါ)


ဂျုံနဲ့ထောပတ်ကို အရင်ဆုံးသမသွားအောင်နယ်ပေးပါတယ်
 ပြီးမှသကြားကိုထဲ့ပြီးနယ်ပေးပါတယ် အားလုံးသမသွားပြီးဆိုရင်တော့
့ နို့နှင့်ကြက်ဥ ကိုထဲ့ပြီး ခပ်ဖွဖွဘဲနယ်ပေးပါ စေးလာပြီး လက်မှာမကပ် တော့ရင်ရပါပြီ


မုန့်သားရလာပြီးတာနဲ့ မျက်နှာပြင်ညီတဲ့စားပွဲပေါ်မှာမုန့်သားကို
ခပ်ဖွဖွလေးဖြန့်ပေးပါတယ် မျက်နှာပြင်ပြန့် သွားတာနဲ့ အချွန်ပုံစံလေးတွေ
 ဓါးနဲ့လိုက်ဖြတ်ပေးပါတယ်

မုန့်ဖုတ်မဲ့ဗန်းထဲမှာ baking paper ခင်းပြီး ဖြတ်ထားတဲ့မုန့်သားလေးတွေကို
 ထဲ့ပေးပါ မုန့်မဖုတ်ခင် မီးအား 230 ဒီဂရီနဲ့ဆယ့်ငါးမိနစ်လောက်ကြိုပြီးဖွင့်ထားတဲ့
 oven ထဲမှာ ဆယ့်ငါးမိနစ်မှမိနစ်နှစ်ဆယ်လောက် ဖုတ်ပေးပြီးရင်ရပါပြီ


 ကျက်သွားပြီဖြစ်တဲ့မုန့်လေးတွေပါ

မုန့်သားလေးများအေးတာနဲ့ သကြား နို့ခရင်နဲ့ဗနီလာတို့ရောကာ
ကျိုထားတဲ့ခရင်လေးများ ဆမ်းပေးပြီးရင် စားချင့်စဖွယ် မုန့်လေးရပါပြီ