Friday, 31 May 2013

ကြက်သား ဖက်ထုတ်ကြော်

ကြက်သားဖက်ထုတ်ကြော်
ကြက်သားဖက်ထုတ်ကြော်လေးပါ အသားတွေချည်းစားရတာ ခံတွင်းမတွေ့လွန်းတာမို့ အသီးအရွက် လေးလဲပါရအောင် မာမာ ဟိုရောဒီရော ဖက်ထုတ်လေးကြော်ထားပါတယ် အခွံမွှေးမွှေးကြွတ်ကြွတ်လေး နဲ့ဆိုတော့စားရတာ အာရုံတစ်မျိုးပြောင်းသွားစေပါတယ်။

ကြက်သွန်ဖြူအချဉ်လေးနဲ့ အရမ်းကိုစားကောင်းတဲ့ ဖက်ထုတ်လေးပါ ငါးနဲ့ကြက်သားကိုဘဲစားကြတဲ့ သူတွေအတွက် ဟင်းချက်ရတာ ရှားပါးပါတယ် နေ့တိုင်းလဲ အသားဓါတ်လေးရအောင် အသားပါအောင် ချက်ရတာမို့ တစ်ခါတစ်ရံ ညီးငွေ့သလိုတော့ဖြစ်မိပါတယ်။

အဲဒီလိုရက်မျိုးဆို မာမာ ဟိုရောဒီရော စားကောင်းအောင်ရှာကြံပြီး ချက်ဖို့ပြင်ရပါတယ် ဒီနေ့လဲ အသားပြောင်တလင်းကြီး မစားချင်တဲ့ သူတွေအတွက် ရောတိရောရာ စားကောင်းစရာဖြစ်အောင် ကြက်သားဖက်ထုတ်လေးလုပ် ပြီးကြော်ပေးထားပါတယ်။

မာမာလုပ်တဲ့နည်းလေး မျှဝေချင်ပါတယ်

ကြက်သားဖက်ထုပ်ကြော်ဖို့ပြင်ပါမယ်
  • နုတ်နုတ်စင်းထားသောကြက်သား  - 100g 
  • ဆား - လက်ဖက်ရည်ဇွန်း တဝက်မရှိတရှိ
  • အရသာမှုန့် လက်ဖက်ရည်ဇွန်း တ၀က်မရှိတရှိ
  • ပဲပင်ပေါက် - ဟင်းပြင်ပန်းကန်အသေး တလုံး
  • အနေတော်လှီးထားသောကျူဆိုင် - လက်ဖက်ရည်ပန်းကန် တလုံး
  • ခပ်သေးသေးလှီးထားသောကြက်သွန်နီ - ဟင်းပြင်ပန်းကန်အသေး တလုံး
  • ကော်မှုန့် - ထမင်းစားဇွန်း တဇွန်း
  • နှမ်းဆီ - ထမင်းစားဇွန်း တဇွန်း(ဇလုံကျယ်ကျယ် တစ်လုံးထဲမှာအားလုံးကိုရောနယ်ပေးပါ)
  • ဖက်ထုတ်ရွက် - ၁၅ရွက် 
  • အစာအားလုံးကို ရောပြီးနယ်ထားပေးပါမယ်

ဖက်ထုတ်ရွက်တစ်ရွက်ကို ထမင်းစားဇွန်း တစ်ဇွန်းမရှိတစ်ရှိထဲ့ပေးပါ

အစာထဲ့ထားသောဖက်ထုတ်ရွက်ကို အနားလေးများအားရေစွတ်ပြီး
ခေါက်ပေးကာ ခေါက်ပေးထားတဲ့ အနားလေးများကို ခက်ရင်းဖြင့်လိုက်ဖိပေးပါ

ကြော်ရန်အသင့်ဖြစ်သော ကြက်သားအစာသွပ် ဖက်ထုတ်လေးများပါ

ဆီလက်ဖက်ရည်ပန်းကန်လုံး တစ်လုံးခွဲလောက်ကို မီးခပ်ပြင်းပြင်းနှင့်အပူပေးပြီး
ဆီပူလာပါကမီးရှိန်နဲနဲထပ်ရှော့ကာ ဖက်ထုတ်လေးများကိုထဲ့ကြော်ပေးပါ
ရွှေဝါရောင်သန်းလာရင် ဆယ်ပြီးဆီစစ်ပေးပါ ဆီစစ်သွားပါက
ကြက်သား ဖက်ထုတ်ကြော်လေးများရပါပြီ

Thursday, 30 May 2013

ကင်မ်ချီ မွှေးမွှေးလေး




အိမ်လုပ်ကင်မ်ချီလေးပါ ထမင်းကြော်လေးနဲ့ စားလို့ရတဲ့ကင်မ်ချီမို့ အရမ်းကြိုက်ပါတယ် အရင်တုံးကတော့ ဆိုင်ကနေလုပ်ပြီး သားလေးတွေ ဝယ်ဝယ်စားဖြစ်ပေမဲ့ အခုတော့ ကိုယ့်ဘာသာကိုယ်ဘဲ လုပ်စားကြည့်မယ်ဆိုပြီး အလွယ်နည်းနဲ့ရတဲ့ နည်းလေးကို သုံးပြီးလုပ်ထားပါတယ်။

ကျန်ခဲ့တဲ့နှစ်ရက်လောက်က ထဲ့ထားတာမို့ အနံ့လေးသင်းလာတာနဲ့ ဒီနေ့ထုတ်ပြီး စားကြည့်တာ အရမ်းကိုကောင်းလွန်းလို့နေတာမို့ မာမာလုပ်တဲ့ နည်းလေး မျှဝေပေးပါမယ်။

လုပ်ရတာ အရမ်းလွယ်ပေမဲ့ တော်တော်လေးကို စားလို့ကောင်းလို့
ကင်မ်ချီမဖြစ်ခင်ထဲက တစ်ဝက်လောက် ကုန်သွားခဲ့ကြတဲ့ နည်းလေးပါ

  1. မုန့်ညှင်းဖြူ တစ်ခြမ်းကို ဆားရည်သုံးနာရီလောက် စိမ်ပေးပြီးရေစေးပြီး ရေစစ်ထားပေးပါ
  2. မုံလာဥနီကြီးကြီး နှစ်ဥကိုအမြှောင်းလေးတွေ လှီးပေးပြီး ရေစေးကာရေစစ်ထားပါ
  3. ကြက်သွန်နီ ဥကြီးကြီးတစ်ဥကိုေ ထာင်းပေးပါ
  4. ပုဇွန်ခြောက် လက်ဖက်ရည်ပန်းကန်လုံး တဝက်သာသာကို မညက်တစ်ညက်ထောင်းပေးပါ
  5. ငရုတ်သီး အရောင်တင်မှုန့် ထမင်းစားဇွန်းတစ်ဇွန်းသာသာ ထဲ့ပေးပါ
  6. အရသာမှုန့် လက်ဖက်ရည်ဇွန်း တဇွန်းထဲ့ပေးပါ
  7. ဗီနီကာ ထမင်းစားဇွန်း သုံးဇွန်းလောက်ထဲ့ပေးပါ
  8. ငံပြာရည် ထမင်းစားဇွန်း သုံးဇွန်းလောက်ထဲ့ပေးပါ
  9. ကြက်သွန်မိတ် သုံးပင်ကို အနေတော် ပိုင်းဖြတ်ပေးပါ
  10. ဇလုံတစ်လုံးထဲတွင် အားလုံးကိုထဲ့ပြီး လက်အိတ်စွတ်ကာ အားလုံကို ဖွဖွလေးနယ်ပေးပါ
  11. အားလုံးကို နယ်ပြီးပါက လေလုံသော ဘူးထဲထည့်ပြီး ရေခဲသေတ္တာထဲထည့်ထားပါ
  12. ၃ရက်လောက်နေရင် စားလို့ရပါပြီ။





Wednesday, 29 May 2013

ကြက်သား ကော်ပြန့်လိပ်

ကြက်သားကော်ပြန့်လိပ်
ကြက်သားကော်ပြန့်လိပ်လေးကြော်ပါတယ် ကြက်သားထဲကမထွက်နိုင်တဲ့ မာမာရဲ့ မီးဖိုချောင်လေးပါဘဲနော်
ဒီနေ့တော့ မိုးအေးအေးမှာ ကြက်သားကော်ပြန့်လိပ် ပူပူလေးကြော်စားရအောင် ကြောပါမယ်။

မြန်မြန်လုပ် မြန်မြန်ကြော်လေးမို့ ဓါတ်ပုံကို ကောင်းကောင်းမရိုက်နိုင်တာမို့ မလှမပလေးတွေ ဖြစ်ခဲ့ရပါတယ် ဒါပေမဲ့ စားလို့တော့အကောင်းသားပါ။

လိပ်ရတာလဲ လွယ်ပြီး စားလို့လဲကောင်းတဲ့ ကော်ပြန့်လိပ်လုပ်နည်းလေး မျှဝေချင်ပါတယ်။

သားသတ်လွတ်လေးလိပ်ရင်တော့ အသားအစား ရေစိမ်ထားတဲ့ ပဲကြာဇံရယ် ပဲပင်ပေါက်လေးရယ် ထဲ့လိုက်ရင် သားသတ်လွတ် ကော်ပြန့်လိပ်လေးရမှာပါ။


ကြက်သားကော်ပြန့်လိပ်ဖို့ ပြင်ပါမယ်
  1. နုတ်နုတ်စင်းထားသော ကြက်ရင်ပုံသား - 150g
  2. ဆား - လက်ဖက်ရည်ဇွန်း တဝက်သာသာ
  3. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တဝက်သာသာ
  4. ပဲပင်ပေါက် - ဟင်းပြင်ပန်းကန်အသေး တလုံး
  5. နုတ်နုတ်လှီးထားသော ကြက်သွန်နီ - ဟင်းပြင်ပန်းကန်အသေး တလုံး
  6. အနေတော်လှီးထားသော ကျူဆိုင် - လက်ဖက်ရည်ပန်းကန်လုံး တလုံး
  7. နှမ်းဆီ - ထမင်းစားဇွန်း တဇွန်း
  8. ခပ်သေးသေးလှီးထားသောဂေါ်ဖီ - ဟင်းပြင်ပန်းကန် တလုံး (ဇလုံကျယ်ကျယ်ထဲမှာထဲ့ပြီး အားလုံးကိုရောနယ်ပေးပါမယ်)

ကော်ပြန့်ရွက်တစ်ရွက်ကို ကန့်လန့်ဖြတ်ခင်းပြီး
 ကြက်သားနယ်ပြီးသားအစာကို ထဲ့ပေးပါ


ကော်ပြန့်ရွက်ကိုပထမ တစ်ခေါက်ချိုးပြီးလိပ်ပေးပါ
ဘေးနှစ်ဖက်ကိုလဲ ခေါက်ပေးပြီး ဆက်တိုက်လိပ်ပေး သွားပါ ဘေးအနားများကို ဖျော်ထားသောကော်ရည်နှင့်သုပ်ပေးကာ ကပ်ပေးပါ


ကြက်သားကော်ပြန့်လိပ် အစိမ်းလေးများရပါပြီ


ဆီ လက်ဖက်ရည်ပန်းကန်တလုံးခွဲလောက်ကို မီးအနေတော်နှင့်
အပူပေးပြီးမှ ကော်ပြန့်လိပ်များကို ကြော်ပေးပါကာ
တခုလုံးရွှေဝါရောင်သန်းရင် ဆယ်ပြီးဆီစစ်ပေးပါးထားပါ

ဆီစစ်သွားပါက ကြက်သားကော်ပြန့်လိပ်လေးများကို သုံးဆောင်နိုင်ပါပြီ

Friday, 24 May 2013

ငါးကင် မွှေးမွှေးလေး

ငါးကင်မွှေးမွှေးလေး
မာမာတို့ ကင်စားဖြစ်တဲ့ ငါးကင်လေးပါ အစကတော့ ငပိရည်ဖျော်မယ်ဆိုပြီး ကင်တာပါ  ဆား နနွင်း အရသာမှုန့်လေးဘဲ နယ်ပြီးကင်ထားပါတယ် ကင်ပြီးမှ အရမ်းမွှေးတာနဲ့တစ်ကောင်ကို ငပိရည်ဖျော်ပြီး တစ်ကောင်ကို သံပုရာသီးလေးညှစ်ပြီး ထမင်းပူပူလေးနဲ့စားကြပါတယ် မွှေးလဲမွှေး ချိုလဲချိုမို့ကင်ရ ကျိုးလေးတော့နပ်သွားခဲ့ပါတယ်။

မီးသွေးမီးဖိုမရှိတဲ့အတွက် ကျန်ဖန်ပြီး ကင်ရတဲ့ငါးကင်လေးပါ မြန်မာပြည်မှာလို ငါးကိုဒုတ်လေးလှိုပြီး ကင်စားရတာကတော့ ပိုပြီးမွှေးမှာပါ အခုကတော့ ဖြစ်သလိုကင်ရတဲ့ ငါးကင်လေးပါ။

ငါးကင်ဖို့ပြင်ပါမယ်
  • ဗိုက်ခွဲပြီးသန့်စင်ကာရေစင်အောင်ဆေးကာ အရသာဝင်အောင်မွှန်းပေးထားသောငါး - တကောင်
  • ဆား - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း ငါးပုံတပုံ
  • သံပုရာသီး - တခြမ်း (အားလုံးတို့ကိုရောပြီးငါးကိုဆုပ်ဆုပ်ပြီးနယ်ပေးထားပါ)
  • Aluminium Foil နှင့် ငါးကိုထုတ်ပေးပြီးoven ထဲမှာထဲ့ပြီး ဖုတ်ပေးပါ

မီးအား နှစ်ရာ့ငါးဆယ်ဒီဂရီနှင့် ဆယ့်ငါးမိနစ်လောက်ကြိုပြီး ဖွင့်ထားသော
oven ထဲမှာ နှစ်ဆယ့် ငါးမိနစ်လောက်ဖုတ်ပေးပြီးရင်ရပါပြီ

မွှေးပျံ့သင့်ရနံ့ကောင်းတဲ့ ငါးကင်လေးရပါပြီ စားတဲ့အခါ အရိုးထွင်ပြီးသား
အဆင်သင့်စားလို့ရအောင် အရိုးလေးတွေထွင်ပေးထားပါတယ်

ကျန်တဲ့တစ်ကောင်ကို ငပိရည်ဖျော်ထားတာလေးပါ

Monday, 20 May 2013

ပုဇွန် ဝမ်တုန်ကြော်

ပုဇွန် ဝမ်တုန်ကြော်
မာမာတစ်ယောက် ဘလော့လေးကနေ တစ်ခါတစ်ခါ မအားတာကြောင့် ပျောက်ပျေက်သွားခဲ့ပါတယ် ဘလော့လာလည်တဲ့မိတ်ဆွေတွေကို အားနာမိပါရဲ့ အိမ်ရဲ့ဝေယာဝစ္စတွေကြောင့် တစ်ခါတစ်ခါ ဟင်းတွေချက်ဖြစ်ပေမဲ့ မတင်ဖြစ်ခဲ့တာများနေခဲ့ပါတယ်။

ဒီနေ့တော့ မာမာ့ရဲ့ချက်နည်းအတိုင်း အိမ်ရှင်မတွေ လွယ်လွယ်နဲ့ချက်လို့ရပြီး မြန်မြန်ကျက်တဲ့ ဟင်းလေးတစ်မျိုးကို ချက်ဖြစ်ပါတယ် ချက်နည်းရိုးပေမဲ့ စားလို့ကောင်းပြီး လက်ဖက်ရည်လေးနဲ့ဘဲ သောက်သောက် ထမင်းပူပူလေးနဲ့ဘဲစားစား ဒီအတိုင်းလေးဘဲ သုံးဆောင်သုံးဆောင် အချိုရည်လေးနဲ့ဘဲတွဲတွဲ နှစ်သက်ရာ အချဉ်လေးနဲ့ဘဲ တွဲဖက်အုံးပေါ့နော် စားကောင်းတဲ့ ပုဇွန်ဝမ်တုန်ကြော်နည်းလေး မျှဝေပေးလိုပ်ပါတယ်။

ကြော်ဖို့ပြင်ပါမယ်



  1. ပုဇွန် 500g ကို ခေါင်း အမှီး အခွံတွေချွတ်ပြီး ကြောမှခွဲကာ အမဲကြောင်းလေးထုတ်ပေးပါ 
  2. ပုဇွန်ပန်းကန်ထဲသို့ ဆား လက်ဖက်ရည်ဇွန်း တဝက်မရှိထဲ့ပါ
  3. အရသာမှုန့် လက်ဖက်ရည်ဇွန်း တဝက်လောက်ထဲ့ပါ အားလုံးကိုရောနယ်ပြီးဆယ်မိနစ်လောက် အရသာဝင်အောင် နှပ်ထားပေးပါတယ်
  4. ဝမ်တုန်ရွက်တရွက်ကို ပုဇွန်တကောင်နူံးနဲ့ထဲ့ပြီး ထုပ်ပေးပါ


နှစ်သက်သည့်ပုံစံလေးများ ထုပ်ပေးရင်ရပါတယ်


ဆီ လက်ဖက်ရည်ပန်းကန်တစ်လုံးခွဲလောက်ကို မီးအနေတောာ်နှင့်အပူပေးပြီးဆီပူလာအောင်တည်ပေးပါ ဆီပူလာပါက မီးရှိန်ကိုနဲနဲထပ်လျှော့ပြီးမှ ဝမ်တုန်ထုတ်လေးများကို တစ်ခုခြင်းထဲ့ပြီးကြော်ပေးပါ တစ်ဖက်အရောင်နဲနဲပြောင်းလာရင်တစ်ဖက်ကိုလှန်ပေးပါ မကြာမကြာ အထက်အောက်လှန်ပေးပြီး နှစ်ဖက်လုံးရွှေဝါရောင်သန်းလာရင်ရပါပြီ ကြော်တဲ့အခါမှာ မီးရှိန်မပြင်းအောင် သတိထားပြီးကြော်ပေးရပါတယ် မီးရှိန်ပြင်းလွန်းရင် အထဲကပုဇွန်မကျက်ဘဲ အပြင်ခွံတွေဘဲ မြန်မြန်ကျက်သွားတတ်ပါတယ်။


ရွှေဝါရောင်သန်းလာပါက ဆယ်ပြီးဆီစစ်ပေးပေးပြီးရင် ပုဇွန်ဝမ်တုန်ကြော်လေးတွေရပါပြီ

Wednesday, 15 May 2013

ချဉ်ပေါင်အဖြူ မျှစ်ကြော် ချဉ်ငံစပ်


မာမာ့အိမ်က တစ်ပင်ထဲသော ချဉ်ပေါင်ဖြူပင်လေးပါ မကြာမကြာစားရပါတယ် ဒီနေ့တော့ မာမာ ပုဇွန်ခြောက် အကောင်လိုက်လေးနဲ့ ကြော်ထားပါတယ် အမေများနေ့သွားရင်း ချိုးလာတဲ့ မျှစ်လေးနဲ့ကြော်လိုက်တာပါ။

ချဉ်ပေါင်ကြော်တို့ ငပိချက်တို့ဆိုရင် မြန်မာလူမျိုးတို့ပါးစပ်က ခံတွင်းတွေ့တတ်တာမို့ ဒီနေ့တော့ မာမာတို့တွေ ထမင်းစားလို့ မိန်အုံးမှာပါ ကြော်နည်းလေးကတော့ အရင်ကြော်နေကြ ပုံစံအတိုင်းပါဘဲ ပုဇွန်အစိုမရှိလို့ ပုဇွန်ခြောက်လေးတွေနဲ့ဘဲ ကြော်လိုက်ပါပေမဲ့ အရသာကတော့ အတူတူပါဘဲရှင်။

မကြာမကြာစားရတဲ့ တစ်ပင်ထဲသောချဉ်ပေါင်ပင်
ခူးလေအရွက်တွေထွက်လေပါဘဲ


 ချဉ်ပေါင်ကြော်ရန်ပြင်ပါမယ်

  1. ချဉ်ပေါင်ရွက် - အနေတော် ဇကာတလုံး
  2. မျှစ် - တရုတ်ဟင်းပြင်ပန်းကန် တလုံး
  3. ပုဇွန်ခြောက် - လက်ဖက်ရည်ပန်းကန် တလုံး
  4. ခပ်ပါးပါးလှီးထားသောကြက်သွန်နီ - တလုံး
  5. ကြက်သွန်ဖြူ - ငါးမွှာ
  6. ငရုတ်သီးစိမ်း - သုံးတောင့်
  7. ငရုတ်သီးလုံးခြမ်းခွဲ - ထမင်းစားဇွန်း နှစ်ဇွန်း
  8. ပုဇွန်ငပိ - ထမင်းစားဇွန်း တဇွန်း
  9. ငံပြာရည် - ထမင်းစားဇွန်း နှစ်ဇွန်း
  10. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း
  11. ဆီ - လက်ဖက်ရည်ပန်းကန်လုံး တဝက်



ကြော်ဖို့ပြင်ပါမယ်

  1. မီးအနေတော်နှင့် ဆီကိုအပူပေးပါ 
  2. ဆီပူလာပါက ကြက်သွန်နီကို တမိနစ်လောက်ကြော်ပေးပါ
  3. ကြက်သွန်နီနဲနဲနွမ်းပါက ငရုတ်သီးလုံးခြမ်းခွဲကို မိနစ်ဝက်လောက်ထဲ့ကြော်ပါ
  4. ငရုတ်သီးနံ့သင်းလာပါက ပုဇွန်ငပိကိုထဲ့ပြီးမွှေပေးပါ
  5. ပုဇွန်ငပိနံ့သင်းလာပါက ချဉ်ပေါင်ရွက်ကို ထဲ့ပြီးနွမ်းတဲ့ထိမွှေပေးပါ
  6. ချဉ်ပေါင်ရွက်နွမ်းလာပါက ပုဇွန်ခြောက်နှင့်မျှစ်ကို ထဲ့ပြီးမွှေပေးပါ
  7. ငံပြရည်နှင့် အရသာမှုန့်ထဲ့ပြီး သုံးမိနစ်လောက်ကြော်ပေးပါ
  8. နောက်ဆုံးမှ ငရုတ်သီးစိမ်းကိုချိုးပြီး ထဲ့မွှေကာကြက်သွန်ဖြူများကို ထဲ့ပြီးမွှေပေးပါ
  9. တမိနစ်လောက် ထပ်မွှေပေးပြီးရင်ရပါပြီ

မျှစ်ချဉ်ပေါင်ကြော်မွှေးမွှေးလေးရပါပြီ

Tuesday, 14 May 2013

သပြုသီး ချဉ်ရည်ဟင်း

သပြုသီး ချဉ်ရည်ဟင်း

သပြုသီးချဉ်ရည်ဟင်းကို စားဖူးသူတိုင်းက စွဲမက်ကြပါတယ် မာမာလဲရှားရှား ပါးပါးလေးရလာလို့ တန်ဖိုးထားပြီး ချက်လိုက်တဲ့ဟင်းလေးပါ ငါးခူ ငါးရံ့နဲ့ချက်ရင် ပိုပြီးကောင်းပါတယ် ဒီမှာကတော့ ငါးခူ ငါးရံ့ ရှိပေမဲ့ တခါတစ်လေမှ ရတတ်တဲ့ငါးမို့ မာမာ့အိမ်မှာ မရှိတာကများပါတယ် ဒါကြောင့်မို့ ရှိတဲ့ငါးလေးနဲ့ဘဲ မာမာချက်ထားပါတယ်။

သပြုသီးက အချဉ်နဲနဲစူးတာကြောင့် ပုဇွန်ငပိနဲ့အချဉ်ကို ထိမ်းလို့ရသလို ငံပြာရည်ကောင်းကောင်းနဲ့ လဲချက်လို့ရပါတယ် မွန်ပြည်နယ်မှာ မကြာခနစားတတ်တဲ့ ဟင်းလေးမို့ မာမာချက်တဲ့ ချက်နည်းလေး မျှဝေလိုက်ပါတယ်။


သပြုသီး


သပြုသီးတလုံးကို ထက်ခြမ်းခွဲပြီး အဖတ်လေးများရအောင်ထွင်လိုက်ပါ အထဲမှဝတ်ဆံလို
ပျော့လေးတွေဖယ်ပြီး ရေစင်အောင်ဆေးကာ ရေမြုပ်အောင်ထဲ့ပြီး သုံးမိနစ်လောက်ပြုပ်ပါ




ဟင်းချက်ရန်ပြင်ပါမယ်

  1. ပြုပ်ထားသောသပြုသီးကို ရေငှဲ့ပြီး အအေးခံကာ ရေကို ခပ်ဖွဖွညှစ်ပြီး အဖတ်လေးများရအောင် မွှပေးပါ
  2. ပြုပ်ထားသော ငါးအသားကို အရိုးထွင်ပြီး ထည့်ပေးပါ
  3. ကြက်သွန်ဖြူသုံးမွှာ ကြက်သွန်နီတခြမ်းတို့ကို ငရုတ်သီးလက်ဖက်ရည်ဇွန်း တဇွန်းမောက်မောက် နှင့်ရောထောင်းပေးပါ
  4. ဆီ ထမင်းစားဇွန်း တဇွန်းသာသာလောက် ထဲ့ပေးပါ 
  5. ပုဇွန်ငပိ ထမင်းစားဇွန်တဇွန်း (သို့)ငံပြာရည် ထမင်းစားဇွန်း နှစ်ဇွန်းခွဲထဲ့ပေးပါ
  6. အရသာမှုန့် လက်ဖက်ရည်ဇွန်း တဇွန်းထဲ့ပေးပါ
  7. အားလုံးကိုရောနယ်ပြီး ရေအနည်းငယ်ထဲ့ကာ လုံးမိအောင်တည်ပေးပါ


ချဉ်ရည်ဟင်း လုံးမိသွားပါက ရေ တရုတ်ဟင်းရည်သောက်ပန်းကန်လုံးတလုံးခွဲထဲ့ပြီး
ပွက်ပွက် ဆူအောင်တည်ပေးပါ ဟင်းရေဆူလာတာနဲ့အရသာမြည်းပြီး လိုသလိုပြင်ကာ
စားပွဲပြင်နိုင်ပါပြီ


ထမင်းမိန်စေတဲ့ ချဉ်ဖြုံ့ဖြုံ့ သပြုသီးချဉ်ရည်ဟင်းလေးရပါပြီ

သဘာဝ ငါးပေါင်းမွှေးမွှေးလေး


မာမာ မနေ့ကပေါင်းထားတဲ့ ငါးပေါင်းလေးပါ  မာမာဟင်းချက်ရင် သဘာဝပစ္စည်းတွေနဲ့ ချက်တာများပါတယ် ထွေထွေထူးထူး ဆန်းဆန်းပြားပြားတွေ ထဲ့ပြီးချက်ရင် မာမာ့မိသားစု မကြိုက်သလို မာမာကိုယ်တိုင်လဲ မကြိုက်လို့ပါ။

ငါးပေါင်းလေးကို သံမယိုသီးလေးနဲ့ဘဲ ပေါင်းထားတာမို့ တစ်ခြားအချဉ်တွေ ဘာမှထဲ့ပြီး မသုံးထားတဲ့အတွက် ကျန်းမာရေးနဲ့လဲ ညီညွတ်စေပါတယ် ပေါင်းတဲ့အခါမှာလဲ ပေါင်းအိုးမသုံးဘဲရိုးရိုး အိုးလေးနဲ့ ဘဲပေါင်းပါတယ် ပေါင်းချိန်လေး ကြာတာကလွဲလို့ အရိုးနူးတာအတူတူပါဘဲ ဒါကြောင့်မို့ မာမာ ငါးပေါင်းတဲ့နည်းလေး မျှဝေလိုက်ပါတယ်။

ငါးပေါင်းလေးပေါင်းဖို့ပြင်ပါမယ်

  1. အကြေးခွံဖယ် သန့်ရှင်းပေးကာ အနေတော်ပိုင်းဖြတ်ထားသော ငါး - 500g 
  2. သံမယိုသီး - နှစ်လုံး(အရည်ဘဲယူပါမယ်)
  3. ဆား - လက်ဖက်ရည်ဇွန်း တဇွန်း
  4. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း
  5. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံတို့ကို ငါးထဲသို့ထဲ့ကာ ဆုတ်ဆုတ်ပြီးနယ်ပေးပါ

စပါးလင်ရွက်များကို အိုးအောက်ခြေတွင်ခင်းပေးပါ


စပါးလင်ရွက်ခံထားသော အိုးထဲသို့ အရသာနယ်ထားသော ငါးများကို စီထဲ့ပေးပါမယ်

ပထမဆုံးငါးကိုရေမြုပ်အောင်ထဲ့ပြီးပြုပ်ပေးပါ ပထမရည်ခမ်းရင်
နောက်ထပ်ရေမြုပ်အောင် ထပ်ထဲ့ပြီးတည်ပေးပါ  ရေ ငါးခါလောက်ခမ်းရင်ရပါပြီ
လက်ကျန်ရေအနည်းငယ်ချန်ပြီး စပါးလင်ရွက်များ ဖယ်ပေးကာ မီးခနပိတ်ပေးထားပါ


ငါးပေါင်းထဲထဲ့ဖို့ ပြင်ပါမယ်

  1. လေးစိတ် စိတ်ထားသောခရမ်းချဉ်သီး - 300g
  2. လေးစိတ် စိတ်ထားသော ကြက်သွန်နီ - 200g
  3. ငရုတ်သီးအရောင်တင်မှုန့် - ထမင်းစားဇွန်း  တဇွန်း
  4. ဆီ - လက်ဖက်ရည်ပန်းကန်လုံး တဝက်
အရင်ဆုံး ဆီပူအောင်တည်ပေးပါ ဆီပူလာပါက ကြက်သွန်နီကိုအရင် မိနစ်ဝက်လောက်ထဲ့ပြီး ငရုတ်သီးမှုန့်ထဲ့ပြီးဆီသတ်ပေးပါ ငရုတ်သီးနံ့သင်းလာပါက ခရမ်းချဉ်သီးထဲ့ပြီး မိနစ်ဝက်လောက်မွှေပေးပါ


ကြက်သွန်နီနှင့် ခရမ်းချဉ်သီးဆီသတ်ပြီးပါက ငါးအိုးထဲသို့ပြောင်းပြီး
 ငါးအိုးထဲတွင်ကျန်နေသော လက်ကျန်ရေခမ်းပြီးဆီပြန်အောင်အောင်တည်ပါ
 အပေါ့အငံအတွက် ဆား လက်ဖက်ရည်ဇွန်း တဝက်နှင့်ရသာမှုန့် လက်ဖက်ရည်ဇွန်း
တဝက်မရှိတရှိထဲ့ပေးပါ

ရေခမ်းပြီးဆီပြန်လျှင် ငါးပေါင်းအရိုးနူးလေးရပါပြီ

Monday, 13 May 2013

ချဉ်ချဉ်စပ်စပ် ဇီးဖြူသီးထောင်း

ဇီးဖြူသီးထောင်း
ဇီးဖြူဖန်ခါးဆို ငုံထားချင်သတဲ့သူ့ရဲ့စကား ဆိုတဲ့အတိုင်း ဇီးဖြူသီးရဲ့အရသာကို မာမာအရမ်းနှစ်သက်ပါတယ်
မစားရတာလဲကြာနေပြီမို့ မနေ့ကအမေများနေ့သွားရင်း ပန်းခြံထဲမှာတွေ့တာနဲ့ကောက်လာပြီး ဒီနေ့တော့ထောင်းလိုက်ပါတယ် မြန်မာပါးစပ်နဲ့မြန်မာခံတွင်းအကြိုက်လေးမို့ အားလုံးလဲနှစ်သက်ကြ မယ်ထင်ပါတယ်။
ဇီးဖြူသီးက မြန်မာနိုင်ငံမှာအရမ်းပေါပါတယ် သူ့ရာသီချိန်ပေါ်လာပြီဆိုရင် မာမာတို့နေလှန်းပြီး တစ်နှစ်စာလှောင်တတ်ပါတယ် အခြောက်လှမ်းပြီးသားကိုဝက်သား ကြက်သားတို့နဲ့ချက်ရင်လဲစားလို့ အရမ်းကောင်းပါတယ် ဇီးဖြူသီးရှိရင်မြွေမလာဘူးဆိုတဲ့အတွက် အိမ်ခြံတွေထဲမှာ လိုက်ပက်ထားတတ်သလို စပါးရိတ်ချိန်တွေမှာ လယ်ထဲမှာမြွေအန္တရာယ်ကင်းအောင် ဇီးဖြူများပက်ပြီးမှ စပါးရိတ်သိမ်းတဲ့အလေ့ အထတွေလဲရှိခဲ့ဘူးပါတယ်။ ဒီမှာတော့ရှားရှားပါးပါးတွေ့ရခဲတဲ့အသီးမို့ ရလာတဲ့အသီးလေးတွေကိုပြုပ်ပြီး မာမာထောင်းထားပါတယ် ။
ထောင်းရတာလဲလွယ်ပါတယ် မာမာကကြာကြာထားစားလို့ရအောင် ကြက်သွန်ဖြူလေးထဲ့ပြီးမထောင်း ထားပါဘူး ကြက်သွန်ဖြူမပါပေမဲ့လဲ အရသာက ပြီးပြည့်စုံပါတယ်။
ထောင်းကြည့်ရအောင်နော်
ဇီးဖြူသီးလေးမထောင်းခင် အလုံးလိုက်ရေစင်အောင်ဆေးပြီး မနူးတစ်နူးလေးပြုပ်ပေးပါ

ဇီးဖြူးသီး၁၅လုံးကို ငရုတ်သီးတောင့်သုံးတောင့် ပုဇွန်ခြောက် လက်ဖက်ရည်ပန်းကန်လုံးတစ်လုံးနဲ့ ထောင်းပါမယ်
  1. ပြုပ်ထားသောဇီးဖြူသီးကိုရေစစ်ပြီးထက်ခြမ်းခွဲကာအစေ့ထုတ်ပြီးဖယ်ပေးပါ။
  2. ငရုတ်သီးစိမ်းကိုမီးအေးအေးနှင့်ခနလှော်ပေးပါ။
  3. ငရုတ်ဆုံထဲသို့ ငရုတ်သီးလှော် ပုဇွန်ခြောက်နှင့်ဇီးဖြူသီးကိုဆားလက်ဖက်ရည်ဇွန်းတစ်ဝက်ထဲ့ပြီး မညက်တစ်ညက်ထောင်းပေးပြီးရင်ရပါပြီ။

လိုက်ဖက်လွန်းတဲ့မုံလာပင်ချဉ်ရည် ကြက်ဟင်းခါးသီး ကြက်ဟင်းခါးညွန့်ပြုပ်နှင့်ဇီးဖြူသီးထောင်းလေးပါ

Thursday, 9 May 2013

ကြက်သားကုန်းဘောင် အချိုကြော်

ကြက်သားကုန်းဘောင်အချိုကြော်
ဒီနေ့ချက်ဖြစ်တဲ့ ကြက်သားကုန်းဘောင်အချိုကြော်လေးပါ အစပ်မစားသူတို့အတွက်အဆင်ပြေစေမဲ့ အချိုကြော်လေးမို့ ချက်ရတာမြန်သလိုစားရတာလဲအရသာရှိပါတယ် ကြော်ရချက်ရတာလဲမြန်တာမို့ ထမင်းဗူးနဲ့အလုပ်သွားသူတွေအတွက် အဆင်ပြေစွာစားနိုင်ပြီးချက်ရလဲမြန်တဲ့ဟင်းတစ်မယ်ပါ။
ချက်ကြည့်ရအောင်နော်

ကြက်သားကုန်းဘောင်အချိုကြော်ဖို့ပြင်ပါမယ်
  1. ခပ်သေးသေးလှီးထားသောကြက်ပေါင် - နှစ်ချောင်း
  2. အကွင်းလိုက်လှီးထားသောကြက်သွန်နီ - နှစ်လုံး
  3. မုံလာဥနီ - တစ်ဥ
  4. ခပ်ကြမ်းကြမ်းလှီးထားသောမုန်ညှင်းဖြူ - သုံးဖတ်
  5. ဓါးပြားရိုက်ထားသောကြက်သွန်ဖြူ - သုံးမွှာ

ကြော်ဖို့ပြင်ပါမယ်
  1. ဆီ -ထမင်းစားဇွန်း လေးဇွန်းကိုမီးအနေတော်နှင့်အပူပေးထားတဲ့ဆီပူမှာပူလာအောင်တည်ပေးပါ
  2. ကြက်သားကို ဆားလက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ အရသာမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက် ငံပြာရည် ထမင်းစားဇွန်း တစ်ဇွန်းတို့နှင့်အတူထဲ့ပြီး သုံးမိနစ်လောက် ကြော်ပေးပါမယ်
  3.  မုံလာဥနီနှင့်ကြက်သွန်နီတို့ကိုထဲ့ပြီး တစ်မိနစ်လောက်ကြော်ပေးပါမယ်
  4. ပြီးမှ မုန့်ညှင်းဖြူကိုထဲ့ပြီးမိနစ်ဝက်လောက်ထဲ့ကြော်ပေးပါတယ်
  5. နောက်ဆုံးမှပဲငံပြာရည် ထမင်းစားဇွန်းတစ်ဇွန်းခွဲ ထဲ့ပြီးမွှေပေးပါမယ်

အားလုံးသမသွားပါက ကြက်သားကုန်းဘောင်အချိုကြော်လေးရပါပြီ

ကြက်သားကုန်းဘောင်အချိုကြော်