Saturday, 16 February 2013

ကြက်သားလုံး ထမင်းပေါင်း ပူပူလေး

ထမင်းပေါင်းပူပူလေး
မကြာမကြာချက်စားဖြစ်တဲ့ ထမင်းပေါင်းလေးပါ မာမာတို့က ဝက်သားမစားတဲ့အတွက် ကြက်သားလေးနဲ့ဘဲ ချက်ထားပါတယ် ဝက်သားစားတဲ့ သူတွေအတွက်ကတော့ ဝက်ခေါက်ကင်လေးနဲ့ဆို အရမ်းကောင်းမှာပါ မာမာကတော့ ကြက်သားကို ကင်မနေတော့ဘဲ ဆီပူပူနဲ့ကြော်ပြီး ချက်လိုက်တဲ့ အိမ်လုပ်ထမင်းပေါင်းလေးပါ။

ကိုယ့်အိမ်မှာရှိတဲ့ အသီးအနှံ အသားလေးတွေနဲ့ လုပ်စားရင်လဲရတာမို့ မပင်မပန်းနဲ့ ချက်စားလို့ရအောင် မာမာချက်တဲ့ နည်းလေးပြောပြပေးမယ် အရင်တစ်ခါလဲတင်ဖူးပါတယ် အိမ်ချက် ချက်နည်းလေးမို့ ထည့်တဲ့အသီးအနှံတွေကတော့ ကိုယ်ကြိုက်တာတွေ ထည့်နိုင်တာမို့ ချက်ကြည့်စေချင်ပါတယ်။

တစ်ခါချက်ရင် ဒါဘဲထဲ့ပြီးချက်ရမယ်ဆိုတဲ့ ပုံသေဟင်းချက်နည်းလေးတွေ မဟုတ်လို့ ကိုယ်အဆင်ပြေသလို အရသာရှိအောင် ချက်နိုင်ကြပါတယ် တခါတလေ ကိုယ်တွေသိပ်စားချင်တဲ့ အခါမှာ အိမ်မှာအသီးအနှံတွေ မစုံလို့  ပြထားတဲ့အမယ်တွေမရှိလို့ ချက်မစားရဘူးဆိုတဲ့ အလေ့အထလေး မဖြစ်ရအောင် အဆင်ပြေတဲ့ အသီးအရွက် အဆင်ပြေတဲ့အသားလေးနဲ့ ချက်လို့ရပါတယ် ဆိုတာလေးကို ပြောပြရင်း မျှဝေလိုက်ပါတယ်။
ပါဝင်ပစ္စည်းများ

  • ချက်ပြီးသားထမင်း - ပေါင်းအိုးဆန်ချင်ဗူး သုံးဗူး
  • အနေတော်လှီးထားသောဘေဘီပြောင်းဖူး - ငါးဖူး
  • အမြှောင်းလေးများလှီးထားသောမုံလာဥနီ - တစ်ဥ
  • အနေတော်လှီးထားသောဂေါ်ဖီရွက်- နှစ်ရွက်
  • အနေတော်လှီးထားသောပန်းဂေါ်ဖီ - ဟင်းပြင်ပန်းကန်အသေး တစ်လုံးစာ
  • ရွှေပဲသီး - ဆယ်တောင့်
  • အစိတ်လေးများလှီးထားသောခရမ်းချဉ်သီး - နှစ်လုံး
  • အတ်ေလေးများလွှာပြီးလှီးထားသောကြက်သွန်နီ - တစ်ဥ
  • ဓါးပြားရိုက်ထားသောကြက်သွန်ြဖူ - သုံးမွှာ
  • ပဲတောင့်ရှည် - ငါးတောင့်
  • ပြုပ်ပြီးအခွံခွာထားသောငုံးဥ - နှစ်သက်သလောက်ထဲ့ပါ
ကော်ရည်အရည်ဖျော်ရန်
  • ကော်ရည် - ထမင်းစားဇွန်း သုံးဇွန်း
  • သကြား - ထမင်းစားဇွန်း နှစ်ဇွန်း
  • ဆား လက်ဖက်ရည်ဇွန်း တစ်ဇွန်းမောက်မောက်
  • ရေ - တရုတ်ဟင်းရည်သောက်ပန်းကန် နှစ်လုံးစာ
ကြက်သားလုံးကြော်ရန်
  • အရိုးထွင်ပြီးနုတ်နုတ်စင်းထားသောကြက်ပေါင်ကြီးကြီး - နှစ်ခု
  • ထောင်းထားသောချင်း -  တစ်လက်မ၏အရည်
  • ကော်မှုန့် - ထမင်းစားဇွန်းတစ်ဇွန်း
  • ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  • ဟင်းချိုမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်
  • အားလုံးကိုရောနယ်ပြီးဆီပူပူမှာကြော်ပေးပြီးနှစ်ဖက်လုံးကျက်ပါကဆယ်ပြီးဆီစစ်ပေးထားပါ
ကြက်သားအရသာနယ်ရန်
  • ကြက်ပေါင်ကြီးကြီးနှစ်ခုကိုအရိုးထွင်ပြီးအသားလေးများလှီးပေးပါ
  • ဆား လက်ဖက်ရည်ဇွန်းသုံးပုံတစ်ပုံ ဟင်းချိုမှုန့် လက်ဖက်ရည်ဇွန်လေးပုံတစ်ပုံတို့နှင့်ရောပြီးနယ်ပေးထားပါ


ကော်မှုန့်အရည်ဖျော် ကြက်သားလုံးနှင့်ကြက်သား

လိုအပ်မဲ့အသီးအရွက်များနှင့်ငုံးဥ

ဆီပူပူမှာ ကြက်သားက်ုအရင်ဆုံးလေးမိနစ်လောက်ကြော်လိုက်ပါတယ် ပြီးမှ
ကြက်သွန်ဖြူ နီတို့ကိုမိနစ်ဝက်လောက်ထဲ့ကြော်ပေးပြီး ပန်းဂေါ်ဖီ
မုံလာဥနီနှင့်ပြောင်းဖူးတို့ကို တစ်မိနစ်လောက်အရင်ဆုံးရောပြီးကြော်ပေးပါတယ်
ကြော်ထားသော ကြက်သားလုံး ကိုထဲ့ပြီးကော်ရည် ကိုထဲ့ပါ နှစ်မိနစ်လောက်
ပွက်ပွက်ဆူစေပြီးမှငုံးဥ ရွှေပဲသီး ဂေါ်ဖီနှင့်ခရမ်းချဉ်သီးတို့ကိုထဲ့ပြီး သုံးမိနစ်လောက် ဆူအောင်တည်ပေးပြီးရင်ရပါပြီ

ကျက်သွားပါက အသီးအရွက်များ အိုးအပူရှိန်ကြောင့်နူးမသွားစေရန်
အိုးထဲမှာမထားဘဲ ဇလုံထဲသို့ပြောင်းထဲ့ပေးပါ

ချက်ပြီးသားထမင်းကိုနှစ်သက်သလောက်ထဲ့ပြီး ကော်ရည်နှင့်
အသီးအရွက်များကို ထမင်းပေါ်သို့   ဆမ်းပေးလိုက်တယ်ဆိုရင်ဘဲ
လွယ်ကူမြန်ဆန်စွာချက်နိုင်တဲ့ အိမ်ချက်ထမင်းပေါင်း ပူပူလေးရပါပြီ

Saturday, 9 February 2013

ဆတ်သားခြောက်ကြော် ကြွတ်ကြွတ်လေး

ဆတ်သားခြောက်ကြော်ကြွတ်ကြွတ်လေး
ဆတ်သားခြောက်လေးကြော်ပါတယ် မွမွရွရွလေးနဲ့ကြာကြာထားလို့ရအောင် ကြော်ထားတာပါ ကြော်နည်းလေးကလွယ်ပါတယ် ကလေးတွေကျောင်းဖွင့်ရာသီမှာအဆင်သင့်စားလို့ရအောင်ရယ် ကြာကြာအထားခံအောင်ရယ်ကြော်ထားတာပါ ဆတ်သားခြောက်လိုဘဲ အမဲသား ဝက်ပေါင်သားတို့ကိုအခြောက်လှမ်းပြီး အခုလိုလေးကြော်ထားရင်ရပါတယ် အစပ်ကြိုက်သူတွေအတွက် ငရုတ်သီးလုံးခြမ်းလေးနဲ့လဲရောပြီးကြော်နိုင်ပါသေးတယ် ကျောင်းဖွင့်ရာသီလေးမှာ အချိန်ကုန်သက်သာအောင် ကြော်ထားချင်တယ်ဆိုရင်တော့
ပါဝင်ရမှာလေးတွေက
  • ခြောက်နေအောင်လှမ်းထားသောဆတ်သားခြောက် - လေးဆယ်သား
  • ခပ်ပါးပါးလှီးထားသောကြက်သွန်နီ - ငါးဆယ်သား
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  • ဆီ - လက်ဖက်ရည်ပန်းကန် နှစ်လုံး
  • ဟင်းချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်မရှိတစ်ရှိ
ဆတ်သားခြောက်ပြုပ်ရန်
  1. ဆတ်သားခြောက်ကိုရေမြုပ်အောင်ထဲ့ပြီးနူးတဲ့ထိပြုပ်ပေးပါ
  2. ဆတ်သားခြောက်နူးသွားပါကအအေးခံပြီး အသားမျှင်လေးများရအောင်ထွင်ပါ

ဆတ်သားခြောက်ကိုရေစင်အောင်ဆေးပြီးတစ်နာရီလောက်ရေစိမ်ထားပေးပြီးမှ နူးနေအောင်ပြုပ်ပေးပါတယ်

ပြုပ်ထားသောဆပ်သားခြောက်နူးပါက အသားမျှင်လေးများရအောင်ထွင်ပေးပြီး ဟင်းချိုမှုန့်နှင့်ငံပြာရည် တို့ထဲ့ပြီး သမအောင်နယ်ပေးထားပါတယ်ပါတယ်

မီးအနေတော်နှင့်အပူပေးထားသောဆီပူပူမှာနနွင်းမှုန့်ကိုအရင်ထဲ့ပြီးမှမွှထားသောဆတ်သားခြောက်ကိုထဲ့ကာ ကြွတ်လာတဲ့ထိကြော်ပေးပါကာကြွတ်လာပါက ဆယ်ပြီးဆီစစ်ပေးပါတယ်

ကြက်သွန်နီကိုအခွံခွာပြီးအလုံးလိုက်ရေဆေးပြီးမှပါးပါးလှီးပေးပါ လှီးပြီးသောကြက်သွန်များကိုတစ်ဖတ်ချင်း ကွဲထွက်သွားအောင်လက်ဖြင့်မွှပေးပါတယ်

မီးအနေတော်နှင့်အပူပေးထားသောဆီပူပူမှာ ကြွတ်ပြီးမွှေးလာတဲ့ထိကြော်ပေးပြီး ကြွတ်လာပါက ဆယ်ပြီးဆီစစ်ပေပါတယ်

ဆတ်သားခြောက်ကြော်နှင့်ကြက်သွန်ကြော်တို့အေးသွားပါက နှစ်မျိုးလုံးကိုသမအောင်မွှေပေးပါတယ်

တာရှည်အထားခံတဲ့ဆတ်သားခြောက်ကြော်ကြွတ်ကြွတ်မွှေးမွှေးလေးရပါပြီ

Friday, 1 February 2013

ကြက်သားအပျော့ကြော် မွှေးမွှေးလေး

ကြက်သားအပျော့ကြော်
မာမာဒီနေ့ကြော်ဖြစ်ခဲ့တဲ့အကြော်လေးပါ ကြက်သွန်ကြော်နံ့မွှေးမွှေးလေးနဲ့မို့စားလို့လဲအရမ်းကောင်းသလို ကလေးဘဝထဲကအရမ်းကြိုက်တဲ့ ဟင်းလေးဆိုရင်လဲမမှားပါဘူး ထမင်းပူပူလေးနဲ့အရမ်းလိုက်ဖက်တဲ့ ဟင်းလေးပါ နောက်ပြီးအရသာမွှေးမွှေးချိုချိုလေးမို့ကလေးတွေလဲနှစ်သက်မဲ့ဟင်းလေးပါ
ကြော်ကြည့်ရအောင်နော်
  • အရသာနယ်ပြီးပြုပ်ထားသောကြက်ရင်ပုံ(250 g) - တစ်ခု
  • ပါးပါးလှီးထားသောကြက်သွန်နီ - တစ်လုံး
  • ခပ်ထူထူလှီးထားသောကြက်သွန်ဖြူ - ငါးမွှာ
  • ဆီ - ထမင်းစားဇွန်း လေးဇွန်း
  • ဟင်းချိုမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း ဇွန်းဖျားပါတယ်ဆိုရုံလေး
  • ငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
ကြက်သားအရသာနယ်ရန်
  • အရိုးမပါသောကြက်ရင်ပုံ - တစ်ခု (250 g)
  • ငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်းဖျားပါတယ်ဆိုရုံလေး
  • ဟင်းချိုမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
ကြက်သားအပျော့ကြော်ရန် ကြက်သားကိုရေမြုပ်အောင်ထဲ့ပြီး တစ်ရည်ခမ်းအောင်တည်ပေးကာ အေးသွားပါကအမြှောင်းလိုက် အသားလေးများထွင်ပေးထားပါတယ်

ဆီပူလာပါကနနွင်းမှုန့်ထဲ့ကာကြက်သွန်နီနှင့်ကြက်သွန်ဖြူတို့ကိုအရင်ဆုံးနွမ်းတဲ့ထိထဲ့ကြော်ပေးပါတယ် ပြီးမှကြက်သား ငံပြာရည်နှင့်ဟင်းချိုမှုန့် တို့ကိုတစ်ခါထဲထည့်ပြီးမွှေကြော်ကြော်ပေးပါတယ်

သုံးမိနစ်လောက်ကြော်ပေးပြီးရင် ကြက်သားအပျော့ကြော်လေးရပါပြီ

ထမင်းမိန်စေမဲ့ကြက်သားအပျော့ကြော်လေးပါ