Monday, 29 October 2012

ဂေါ်ရခါးသီး မုန့်ညှင်းချဉ်ရည်ဟင်း

ဂေါ်ရခါးသီး မုန့်ညှင်းချဉ်ရည်ဟင်း
မုန့်ညှင်းရွက်နဲ့ဂေါ်ရခါးသီးလေးကို ချဉ်ရည်ဟင်းလေးချက်ပါတယ် အရည်သောက် ချဉ်ချဉ်လေး သောက်ချင်တာကြောင့် ခပ်ချဉ်ချဉ်လေးချက်ဖြစ်တဲ့ ဟင်းတမျိုးမို့  မာမာချက်တဲ့နည်းလေး မျှဝေချင်ပါတယ်။

ဒီနေ့ချဉ်ရည်ဟင်းလေးကိုတော့ ပထမဆုံးလိုအပ်တဲ့ ပစ္စည်းတွေ အိုးတလုံးထဲကို အရင်ထည့်ပြီး အရသာများနယ်ကာ ရေလေးနဲနဲထဲ့ပြီး လုံးချက် အရင်ချက်ပြီးမှ ရေကိုမိသားစု စားနိုင်သလောက်
ထဲ့ကာချက်ထားပါတယ်။

ပါဝင်ပစ္စည်းများ

  • လှီးဖြတ်ကာရေဆေးထားသော မုန့်ညှင်းရွက် - ဇကာ တလုံးမောက်မောက်
  • အခွံခွာပြီး လှီးထားသောဂေါ်ရခါးသီး - တလုံး
  • ခေါင်းဖြုတ် ထားသောပုဇွန်ထုတ် - ဆယ့်ငါးကျပ်သား
  • ခရမ်းချဉ်သီး - ဟင်းထဲ့ပန်းကန် တလုံး
  • မကျည်းသီးအနှစ် - ထမင်းစားဇွန်း တဇွန်း
  • ထောင်းထားသော ကြက်သွန်ဖြူ - နှစ်မွှာ
  • ထောင်းထားသော ကြက်သွန်နီ - တခြမ်း
  • ထောင်းထားသောချင်း - လက်တဆစ်၏ တဝက်
  • ငရုတ်သီးအရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း
  • ဆား - လက်ဖက်ရည်ဇွန်း တဇွန်းမောက်မောက်
  • ဟင်းချိုမှုန့် - လက်ဖက်ရည်ဇွန်း တဝက်သာသာ
  • ငံပြာရည် - ထမင်းစားဇွန်း သုံးဇွန်း
  • ဆီ - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
ပုဇွန်အရသာနယ်ရန်
  • ဆား - လက်ဖက်ရည်ဇွန်း တဝက်
  • ဟင်းချိုမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
  • နနွင်းမှုန့် - လက်ဖက်ရည်ရည်ဇွန်း လေးပုံတပုံ
ချဉ်ရည်ဟင်းချက်ရန်ပြင်ထားပေးပါ

အားလုံးကိုရောပြီး နယ်ပေးကာရေအနည်းငယ်ထဲ့ပြီး လုံးချက်ချက်ပါ

လုံးမိသွားပါကဟင်းချိုမှုန့် ငံပြာရည် မကျည်းနှစ်နှင့် ရေလိုသလောက်ထဲ့ပါ

ဟင်းရည်ဆူလာပါက နံနံပင်အုပ်ပြီးနှစ်မိနစ်လောက် ဆက်တည်ပေးပါ

ငါးခြစ်ကြော် ငရုတ်သီးဆားထောင်းနှင့်ချဉ်ရည်ဟင်းရပါပြီ

Tuesday, 23 October 2012

ပုဇွန်ထုတ် ချဉ်ပေါင်ကြော်ချဉ်ငံစပ်


မာမာ ကြော်လိုက်တဲ့ ချဉ်ပေါင်ကြော်လေးပါ ခြံထွက်လေးမို့ ပီတိနဲ့စားရတဲ့ ဟင်းတမယ်ပါ အရမ်းကို တန်ဖိုးရှိပါတယ် နေ့စဉ်အသီးအရွက်ပါမှ အဆင်ပြေတဲ့ မာမာတို့ မိသားစုအတွက် မြတ်မြတ်နိုးနိုးနဲ့ စား
ကြတဲ့ ဟင်းလေးဆိုလဲ မမှားဘူး။

ကြော်နည်းလေးက လွယ်သလို အိမ်ရှင်မတွေအတွက် မိမိအိမ်မှာ ရှိနေတတ်တဲ့ မီးဖိုဆောင်သုံး ပစ္စည်းလေးတွေနဲ့ဘဲ ကြော်ထားမို့ အရမ်းလဲလွယ်ပြီး အရမ်းလဲမြန်ပါတယ် ကြော်ပြီးရင်လဲ ငွေကုန်သက်သာသလောက် ထမင်းမိန်စေလွန်းတဲ့ ဟင်းလေးပါ။

  • အရိုးထွင်ပြီး ရေဆေးထားသော ချဉ်ပေါင်ရွက် အနေတော်ဇလုံး - တလုံး
  • ပြုပ်ပြီးလှီးထာသောမျှစ် - အနေတော်ဟင်းပြင်ပန်းကန် တလုံး
  • ကြက်သွန်ဖြူ - ၆မွှာ (အနေတော်အစိတ်လေးများလှီပေးပါ)
  • ပါးပါးလှီးထားသော ကြက်သွန်နီ - တလုံး
  • ရေနွေးစိမ်ပြီး ခေါင်းဖြုတ်ထားသောပုဇွန်ထုပ် - နှစ်ဆယ်သား
  • ငရုတ်သီးအကြမ်းမှုန့် - ထမင်းစားဇွန်း တဇွန်းခွဲ
  • ငံပြာရည် - ထမင်းစားဇွန်း သုံးဇွန်း
  • ဟင်းချိုမှုန့် - လက်ဖက်ရည်ဇွန်း တဝက်
  • ဆီ - လက်ဖက်ရည်အကြမ်းပန်းကန် တဝက်
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
  • ငရုတ်သီးစိမ်း - ငါးတောင့်
ကြော်ရန်အဆင်သင့်ပြင်ပေးထားပါ
ဆီပူပူထဲနနွင်းမှုန့်ထဲ့ပြီးကြက်သွန်နီနှင့်ငရုတ်သီးမှုန့်ကိုထဲ့ကြော်ပါ
နှစ်မိနစ်လောက်ကြော်ပြီးပုဇွန်ကိုထဲ့၍တမိနစ်ခွဲလောက်ထဲ့ကြော်ပါ
ချဉ်ပေါင်ရွက် ငံပြာရည် ဟင်းခတ်မှုန့်တို့ထဲ့ပြီးတမိနစ်လောက်ကြော်ပါ
အားလုံးနွမ်းသွားပါကမျှစ်ထဲ့ပြီးနှစ်မိနစ်လောက်ကြော်ပေးပါ
မီးပိတ်ပြီးပါကကြက်သွန်ဖြူနှင့်ငရုတ်သီးစိမ်းတို့ကိုထဲ့မွှေပေးပါ
ထမင်းမိန်စေမဲ့ ချဉ်ပါင်ကြော်ချင်ချင်စပ်စပ်လေးရပါပြီ
စိတ်လက်ရွှင်လန်းစွာ ထမင်းနဲ့ သုံးဆောင်ရန် အသင့်ရပါပြီ

Tuesday, 9 October 2012

ပုဇွန်ကြော် ကြွတ်ကြွတ်လေး

ပုဇွန် တန်ပူရာမှုန့်နှစ်လူးကြော်

မာမာ ဒီနေ့တော့ ပုဇွန်လေးတွေကို တန်ပူရာမှုန့်အခြောက်နဲ့ လူးပြီးကြော်ထားပါတယ် စိုစိစိဟင်းတွေမကြိုက်တဲ့ မာမာ့ကလေးတွေအတွက် ဟင်းအခြောက်လေးတွေ ချက်ရတာချက်ရကျိုးနပ်တယ်လို့ ပြောလို့ရပါတယ် ဘာဖြစ်လို့လဲဆိုတော့ ခြောက်ခြောက်သွေ့သွေ့ ဟင်းလေးတွေ ချက်တဲ့နေ့ဆိုရင် ချက်သမျှဟင်း ကုန်တတ်လို့ပါဘဲ။

မာမာကြော်တဲ့နည်းလေး မျှဝေပေးပါမယ်
လေးယောက် တစ်နပ်စာ
  • ခေါင်းဖြုတ်ထားသောပုဇွန် - နှစ်ဆယ်သား
  • တန်ပူရာမှုန့် - ထမင်းစားဇွန်း နှစ်ဇွန်းခွဲ
  • ဆီ - လက်ဖက်ရည်ပန်းကန်လုံး တလုံး
ပုဇွန်အရသာနယ်ရန်
  • ပုဇွန် - နှစ်ဆယ်သား
  • ဟင်းချိုမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
  • ဆား - လက်ဖက်ရည်ဇွန်း တဝက်
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
ပုဇွန်ကိုအရသာနယ်ပြီးဆယ်မိနစ်လောက်နှပ်ထားပေးပါ

တန်ပူရာမှုန့်အခြောက်ကိုပုဇွန်ပေါ်တွင်ဖြူးပြီး အသာအရာနယ်ပေးပါ

နယ်ပြီးသွားသောပုဇွန်ကိုငါးမိနစ်လောက် ထပ်ပြီးနှပ်ထားပေးပါ

မီးအနေတော်နှင့်အပူပေးထားသောဆီပူမှာ တကောင်ချင်းစီထဲ့ပါ

အပေါ်ယံအခွံရွှေအိုရောင်သန်းလာပါက ဆယ်ပြီးဆီစစ်ပေးပါ

ကြွတ်ကြွတ်မွှေးမွှေး ပုဇွန်ကြော်လေးရပါပြီ


အိမ်ကြော် အာလူးကြော်လေးနဲ့တွဲဖက်ပြီးစားကြပါမယ်

Monday, 8 October 2012

ကြက်သား ပြုပ်ကြော် မွှေးမွှေးလေး

ကြက်သားပြုပ်ကြော်
ကြက်သားပြုပ်ကြော်လေးကြော်ထားပါတယ် ကလေးတို့အတွက်ဟင်းတစ်ခွက်ပါ ကြက်ရင်ပုံသားကိုအစိမ်းအတိုင်း အသားမျှင်လေးတွေရအောင် ထွင်ပြီးကြော်ထားတာမို့ ကြော်ရတာလဲမြန်သလို စားရတာလဲကောင်းပါတယ်။

မာမာကတော့ သူ့ကိုပဲဆီသန့်သန့်လေးနဲ့ထဲ့ကြော်ပြီး ပိုတဲ့ဆီလေးနဲ့ထမင်းပူပူလေးနဲ့ပါတယ် ကလေးတို့သဘာဝ ထမင်းဆီဆမ်းစားရရင်အရမ်းနှစ်သက်ကြတာမို့ သားသားမီးမီးတို့နဲ့အတွက်ကြက်ပြုပ်ကြော်လေး ကြော်ကြည့်ရအောင်နော်။
ကြက်သားအရသာနယ်ရန်
  • ကြက်ရင်ပုံသား - လေးဆယ်သား
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  • ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ဟင်းချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
ကြော်ရန်
  • ဆီ - လက်ဖက်ရည်အကြမ်းပန်းကန် တစ်လုံး
  • ပါးပါးလှီးထားသောကြက်သွန်နီ  - ဟင်းပြင်ပန်းကန်အနေတော် တစ်လုံးစာ
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  • ဆား - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
ကြက်သားအရသာနယ်နှင့်ကြက်သွန်နီ
မီးအနေတော်နှပ့်အပူပေးထားသောဆီပူပူမှာနနွင်းမှုန့်ကိုအရင်ထဲ့ပြီး ကြက်သားအရသာနယ်ကိုရေလက်ဖက်ရည်ပန်းကန်လုံးတစ်လုံးတစ်ဝက်နှင့် ဆားထဲ့ပြီးပြုပ်ကြော်ကြော်ပေးပါ
ကြက်သားပြုပ်သောရေများခမ်းသွားပါကကြက်သွန်နီထဲ့ပြီးကြော်ပေးပါ
ကြက်သွန်နီများနွမ်းပြီးမွှေးလာပါကကြက်သားပြုပ်ကြော်မွှေးမွှေးလေးရပါပြီ
ထမင်းမိန်စေမဲ့ကြက်သားပြုပ်ကြော်မွှေးမွှေးလေးပါ
တွဲဖက်သုံးဆောင်စရာငပိရည်နှင့်တို့စရာလေးပါ

Saturday, 6 October 2012

အသုပ်မျိုးစုံ သုပ်စားရန် ကြက်သားဆီပြန်

ကြက်သားဆီပြန်
အသုပ်သုပ် စားကြမှာမို့လို့ ကြက်သားဟင်း ဆီပြန်ချက်ထားပါတယ် ခေါက်ဆွဲသုပ် နန်းကြီးသုပ် အသုပ်မျိုးစုံအတွက် အဆင်ပြေစေမဲ့ ဟင်းချက်နည်းလေး မျှဝေလိုက်ပါတယ်။
ပါဝင်ပစ္စည်းများ
  • ကြက်ရင်ပုံသား - သုံးဆယ်သား
  • ကြက်သွန်နီ - သုံးဆယ်သား
  • ကြက်သွန်ဖြူ - ငါးကျပ်သား
  • ငံပြာရည် - ထမင်းစားဇွန်း နှစ်ဇွန်း
  • ဆား - လက်ဖက်ရည်ဇွန်း တဝက်
  • ဆီ -  သုံးဆယ်သား
ကြက်သားအရသာနယ်ရန်
  • ဟင်းချက်မှုန့် - ထမင်းစားဇွန်း နှစ်ဇွန်း
  • ဟင်းချိုမှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း
ကြက်သားအရသာနယ်နှင့်ကြက်သွန်ဖြူ နီတို့ ပြင်ထားပါ
မီးအနေတော်နှင့်အပူပေးထားသော ဆီပူပူမှာ ကြက်သွန်ဖြူ နီတို့ကို
အရင်ထဲ့ပြီးနွမ်းသွားမှဟင်းချက်မှုန့်ကိုထဲ့ပြီးမွှေးလာတဲ့ထိ
ဆီသတ်ပေးပါ
ငရုတ်သီးဆီသတ်မွှေးလာပါကကြက်သားအရသာနယ်ကိုထဲ့ပြီး
ဆီသတ်ပေးပါ
ကြက်သားများမာလာတဲ့ထိ မွှေမွှေပေးပြီးဆီသတ်ပေးပါ
ကြက်သားများမာလာပါကကြာကြာအထားခံအောင်
ရေကိုမြုပ်တဲ့ထိထဲ့ပြီးတည်ပေးပါ
ရေခမ်းပြီးဆီပြန်လာပါကကြာကြာထားပြီး
အစားခံသည့်ကြက်သားဆီပြန်ဟင်းလေးရပါပြီ
ကြက်သားဆီပြန်လေးနဲ့သုပ်ထားတဲ့ နန်းပြားသုပ်လေးပါ

Friday, 5 October 2012

သားသတ်လွတ် ကဇွန်းရွက်ကြော်

ကဇွန်းရွက်ကြော်
ကဇွန်းရွက်ကြော် ကြော်ပါတယ် အသားမပါလဲ ထမင်းမိန်စေတဲ့အတွက် နှစ်သက်မိတဲ့ ဟင်းလေးတစ်မျိုး ဆိုရင်လဲ မမှားပါဘူး ချက်ရတာလဲ အရမ်းကိုဘဲ မြန်လွန်းပါတယ်။


လေးယောက်တစ်နပ်စာ ပါဝင်ပစ္စည်းများ
  • လှီးဖြတ်ထားသောကန်ဇွန်းရွက် - အနေတော်ဇကာ တလုံး
  • ဆီ - ထမင်းစားဇွန်း နှစ်ဇွန်း
  • ဆား - လက်ဖက်ရည်ဇွန်း တဝက်
  • ဟင်းချိုမှုန့် - လက်ဖက်ရည်ဇွန်း တဝက်
  • ဓါးပြားရိုက်ထားသောကြက်သွန်ဖြူ - လေးမွှာ
  • ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း
ဆီပူလာပါကဆားကို အရင်ဆုံးထဲ့ပြီး
မွှေပေးပြီးမှ ကြက်သွန်ဖြူကို ထဲ့ကြော်ပေးပါ
ကြက်သွန်ဖြူနံ့မွှေးလာပါကကဇွန်းရွက်  ဟင်းခတ်မှုန့်နှင့်
ငရုတ်ကောင်းမှုန့်တို့ထဲ့ပြီး တစ်မိနစ်လောက်ဘဲကြော်ပေးပါ
ကဇွန်းရွက်များနွမ်းသွားလျှင်ရပါပြီ အရောင်မဲမသွားအောင်
ပန်းကန်ထဲသို့ တစ်ခါထဲပြောင်းထဲ့ပေးပါ
























































သားသတ်လွတ်ကဇွန်းရွက်ကြော်လေးရပါပြီ

Tuesday, 2 October 2012

သားသတ်လွတ် မုန့်ညှင်းဖူးကြော်

မုန့်ညှင်းဖူးကြော်
မာမာ မုန့်ညှင်းဖူးလေးတွေ ရခဲ့လို့သားသတ်လွတ် ကြော်ထားပါတယ် အရွက်ရဲ့ အချိုအရသာကိုကြိုက်လို့
ဘာအသားမှ မထဲ့ဘဲ ကြော်ထားတာပါ လတ်ဆတ်လွန်းတာရယ် အသီးအရွက်ကြိုက်တာရယ် ကြောင့်လားတော့ မပြောတတ်ပါဘူး ထမင်းစားလို့ အရမ်းမိန်ပါတယ်။

လေးယောက်တစ်နပ်စာ
  • အကြောထွင်ပြီးသား မုန့်ညှင်းဖူး - အနေတော်ဇကာ တလုံး
  • ကြက်သွန်နီ  - တခြမ်း
  • ဆား - လက်ဖက်ရည်ဇွန်း တဝက်
  • ဟင်းချိုမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
  • ဆီ - ထမင်းစားဇွန်း နှစ်ဇွန်း
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
ရေဆေးပြီစစ်ထားသော မုန့်ညှင်းဖူးနှင့်ကြက်သွန်နီ
မီးရှိန်ပြင်းပြင်းနှင့် အပူပေးထားသော ဆီပူပူမှာနနွင်းမှုန့်ကို
အရင်ထဲ့ပြီးကြက်သွန်နီကို နွမ်းတဲ့ထိကြော်ပေးပြီးမှ
မုန့်ညှင်းဖူး ဆားနှင့် ဟင်းချိုမှုန့်ကိုထဲ့ကြော်ပါ

ထမင်းမိန်စေသော မုန့်ညှင်းဖူးကြော်လေးရပါပြီ